Pages

Friday, June 14, 2013

လှိုင်သာယာမြို့နယ်အတွင်း ရေကန်တူးဖော်မှု အုပ်ချုပ်ရေးမှူးနှင့် တူးဖော်မည့်သူ အပြန်အလှန် စွပ်စွဲပြစ်တင်နေ

ဇွန်လ ၁၄ ရက် ၂၀၁၃

လှိုင်သာယာမြို့နယ်အတွင်း ကျေးရွာငါးရွာမှ ဒေသခံနှစ်သောင်းကျော်အတွက် လိုအပ်နေသော သောက်သုံးရေကန် တူးဖော်ရန်အတွက် တူးဖော်မည့်သူနှင့် အုပ်ချုပ်ရေးမှူးတို့ တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲပြစ်တင်နေကြပြီး တူးဖော်ခွင့်မရသောကြောင့် ဒေသခံများ အခက်အခဲတွေ့နေသည်ဟု တူးဖော်မည့် သူများက ပြောသည်။ ကျေးရွာငါးရွာဖြစ်သော အပြင်ပဒံ၊ ကျွန်းကြီး၊ ရွှေသံလွင်အုပ်စု(သဲကွင်း)၊ ကျွန်းလေးနှင့် ကျွန်းကြီး (ကွက်
သစ်) မှ ဒေသခံနှစ် သောင်းကျော်သည် ရေအခက်အခဲရှိသောကြောင့် မြေလွတ်မြေရိုင်းဟု ဒေသခံများ ယူဆသောနေရာတွင် သောက်သုံးရေကန်တူးဖော်မည်ဖြစ်ရာ ရေအရင်းအမြစ်နှင့် အိုးအိမ်မြို့ရွာဖွံ့ဖြိုးမှုဦးစီးဌာနက တူးဖော်ခွင့် ပြုသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ခွင့်မပြုသောကြောင့် တူးဖော်၍ မရဟု ရေကန်တူးရန် ဦးဆောင်နေသူ အပြင် ပဒံကျေးရွာမှ ဒေသခံဦးစိုးနိုင်က ပြောသည်။

၎င်းက ''ရေအရင်းအမြစ်နဲ့ အိုးအိမ်မြို့ရွာဖွံ့ဖြိုးမှုဦးစီးဌာနကလည်း ကျေးရွာနဲ့ ပတ်သက်တဲ့ သောက်သုံးရေကန်ဖြစ်လို့ တူးပါတဲ့၊ ဒါပေမဲ့ အခုလက်ရှိကျေးရွာအုပ်ချူပ်ရေးမှူးက ဒီရေကန်ကို တူးဖော်ပါလို့ ထောက်ခံချက်မပေးဘူး။ ဒီရေကန်က အရင်ကပြုတ်သွားတဲ့ ဥက္ကဌက တစ်ဆင့် ရောင်းစားထားတာပါ'' ဟု ပြောဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဘက်က ပြောဆိုရာတွင်လည်း ယင်းမြေနေရာမှာ တူးဖော်မည်ဟု ဦးဆောင်နေသော ဒေသခံများက ရောင်းစားထားသည်ဟု ပြောဆိုသည်။

ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကြည် သောင်း က ''ဒီသောက်သုံးရေကန် တူးဖော်မယ့်နေရာက အခုအဲဒီကန်အတွက် ဦးဆောင်နေတဲ့ ဒေသခံတွေက ရောင်းစားထားတာပါ။ ပြီးတော့ သူတို့ အဲဒီရေကန်တူးဖော်ဖို့ ကျေးလက်နေဒေသခံတွေရဲ့ လက်မှတ်ဆိုတာကလည်း အတုတွေပါ၊ အုပ်ချူပ်ရေးမှူးရဲ့ ခွင့်ပြုချက်၊ အဖွဲ့အစည်းရဲ့ခွင့်ပြုချက်မပါဘဲနဲ့ တူးဖော်လို့ထောက်ခံချက် မပေးတာပါ'' ဟု ပြောသည်။

အပြင်ပဒံကျေးရွာမှ ဒေသခံလယ်သမား ကိုကြည်ရွှင်က ''အဲဒီရေကန်တူးဖော်ရေး ကို ကျေးရွာငါးရွာက မှီဝဲနေတာ၊ အဲဒီနေရာကို အရင်ကကျေးရွာ အုပ်ချူပ်ရေးမှူးက ဒေသခံတစ်ဦးနဲ့ပေါင်းပြီး ရောင်းစားထား တာပါ။ ဒါကြောင့် အခုကျေးရွာ အုပ်ချူပ်ရေးမှူးက ထောက်ခံချက်ထုတ် မပေးတာပါ'' ဟု ပြောသည်။

၎င်းနေရာတွင် ယခုလက်ရှိ ရေကန်အကြီးနှင့်အသေး နှစ်လုံးရှိရာ အသေးနေရာအား ပြန်လည်တူးဖော် မည် ဖြစ်သောသည်။ ယင်းမြေသယ်ရာတွင်လည်း ကားမောင်းသူကို စည်ပင်မှ ဒဏ်ငွေငါးသောင်း ရိုက်ခဲ့သည်ဟုလည်း ဦးစိုးနိုင်က ဆိုသည်။

ယင်းကိစ္စကို လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဌေးအောင်က ''ကျွန်တော်တို့က ကျေးရွာ အုပ်ချူပ်ရေးမှူး ထောက်ခံချက်မရလို့တားပဲ တားခဲ့တာပါ။ ဒဏ်ငွေ ငါးသောင်း မရိုက်ခဲ့ပါဘူး'' ဟု ပြောသည်။

၎င်းရေကန်တူးဖော်ရေးအတွက် ဦးဆောင်သူ ဦးစိုးနိုင်ကဒေသခံများကို လက်မှတ်ထိုးရန် ကောက်ခံခဲ့ရာ လက်မှတ်ထိုး ထောက်ခံသူ သုံးရာကျော်ရှိကြောင်း သိရပြီး ယခုလက်ရှိအချိန်တွင် ရေကန်တူးဖော်ရေးကို ဆက်လက်မလုပ်ဘဲ ရပ်တန့်သည်ဟုလည်း သိရသည်။

Mizzima News , RangonNewsDaily
kolatt(PBDN): 14.6.2013

0 comments:

Post a Comment