Pages

Tuesday, May 21, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ကွန်ရက်မှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သော ဥပဒေမူကြမ်းအား ကန့်ကွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ကွန်ရက်မှ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်သော ဥပဒေမူကြမ်းကို အချက် ၁၁ ချက်ဖြင့် ကန့်ကွက်လိုက်ကြောင်း မေ ၁၅ ရက်က ရန်ကုန်မြို့တွင် ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများ ကွန်ရက်၏ သဘောထား ကြေညာချက်အရ သိရသည်။ တောင်သူလယ်သမားများ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်မပေးထားခြင်း၊ ချေးငွေ ထောက်ပံ့ကြေးနှင့် ဆိုင်သော ပြဋ္ဌာန်းချက်များတွင် လယ်မြေဧက အနည်းငယ်သာ ပိုင်ဆိုင်သော တောင်သူလယ်သမားငယ်များကို အကာအကွယ် ပေးနိုင်မည့် အချက်များ မပါရှိခြင်း၊ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းကြီးများ ၀င်ရောက်ရင်းနှီး မြှုပ်နှံခြင်းတို့ကြောင့် လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးနစ်နာမှု မရှိစေရန် အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်များ မပါရှိခြင်း စသည့် အချက်တို့ကြောင့် ဥပဒေမူကြမ်းအား ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

''မေ ၁၄ ရက်က ဒီဥပဒေမူကြမ်းကို ကျွန်တော်တို့ရတယ်။ ၁၅ ရက်နေ့ ကျွန်တော်တို့ ကွန်ရက်က တောင်သူကိုယ်စားလှယ် ၂၆ ဦးလောက် ဆွေးနွေးတယ်။ အဓိက က ဒီဥပဒေမူကြမ်း ရေးဆွဲတုန်းကလည်း တောင်သူလယ်သမားတွေ မပါဘူး။ မူကြမ်း ဖတ်ကြည့်လိုက်တော့လည်း တောင်သူတွေရဲ့ အကျိုးကို ကာကွယ်ထားတာ လုံးဝမပါပါဘူး။ စုပေါင်းလယ်ယာ စနစ်ကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းတွေမှာ ထည့်ထားတော့ ဥပဒေ အကာအကွယ်ကို တောင်သူလယ်သမားတွေ မခံစားရဘဲ စုပေါင်းလယ်ယာ လုပ်ကိုင်မယ့် အရင်းရှင် ကုမ္ပဏီတွေ ခရိုနီတွေပဲ အကျိုးရှိစေမယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများကွန်ရက် တာဝန်ခံ ကိုစည်သူက ပြောကြားသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သော ဥပဒေအား တောင်သူလယ်သမား ကိုယ်စားလှယ်များ တောင်သူခေါင်းဆောင်များ ပါဝင်ဦးဆောင်ပြီး ဥပဒေပညာရှင်များ၏ အကြံပြုချက်ရယူကာ ယခင်ရှိခဲ့ပြီးသော ဥပဒေများနှင့် နိုင်ငံတကာ သင်ခန်းစာများကို ရယူ၍လုံလောက်သော အခြေအနေ အတိုင်းအတာထိ ပြင်ဆင်သုံးသပ်ပြီးမှ လွှတ်တော်သို့ တင်သွင်းသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူများ ကွန်ရက်ကို တောင်သူလယ်သမား သမဂ္ဂများ၊ တောင်သူလယ်သမား အခွင့်အရေး တက်ကြွဆောင်ရွက်သူများဖြင့် ဖေဖော်ဝါရီ ၂၆ ရက်က စတင်ဖွဲ့စည်းကြောင်း သိရသည်။
Eleven Media , Rangonnewsdaily
RND:  :21.5.2013

 

0 comments:

Post a Comment