Pages

Saturday, April 6, 2013

သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့် အစီအစဉ် အသိပေးကြေညာ

မြန်မာ့မီးရထားမှသင်္ကြန်ကာလအတွင်းခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတို့တွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်ရာ နေပြည်တော်-ရန်ကုန် အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထားနှစ်စင်းအပြင် အထူးရထား နှစ်စင်းကို ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ အစုန်အထူးရထား(၂)သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ သင်္ကြန်အကြိုကာလအတွက် ဧပြီ ၁၂နှင့်၁၃ ရက်တို့တွင် အထူးရထား တစ်စင်းစီကို ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ ပြေးဆွဲမည်ဖြစ်သည်။ 
သင်္ကြန်အလွန်ကာလအတွက်ဧပြီ၁၇ရက်တွင်သင်္ကြန်အထူးရထား(၁)စင်းသည်မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် အထူးရထားနှစ်စင်းသည် ရန်ကုန် ဘူတာနှင့် မန္တလေးဘူတာမှ လည်းကောင်း၊ ဧပြီ ၂ဝ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း ပြေးဆွဲသွားမည် ဖြစ်သည်။ 
ရန်ကုန်-မန္တလေးအဆန် အထူးရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။
ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အပြင် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထား နှစ်စင်း အဖြစ် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန် အထူးရထား(၁) သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင် လည်းကောင်း၊ အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ 
အထက်ပါ နေပြည်တော်-ရန်ကုန် အထူး(အစုန်/အဆန်) ရထားများကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးနှင့် တိုးကြောင်ကလေး ဘူတာများတွင် ရပ်တန့်သွားမည် ဖြစ်ပြီး ရန်ကုန်-မန္တလေး အထူး(အစုန်/အဆန်) ရထားများကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာများတွင် ရပ်တန့်သွားမည်ဖြစ်သည်။ 
သင်္ကြန်ကာလ အတွင်း ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါ အထူးရထား ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ရာ ခရီးသွားပြည်သူများ အချိန်မီသိရှိစေရန် မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 
ကြေးမုံ, Rangonnewsdaily
RND:6.4.2013

0 comments:

Post a Comment