Pages

Tuesday, April 2, 2013

ကုန်သွယ်ရေးအရာရှိ ရှစ်ဦးကို ဌာနပြောင်းရွှေ့

မှောင်ခိုပစ္စည်း တားဆီးရှာဖွေရန် ဖွဲ့စည်းခဲ့သော ရွေ့လျားစစ်ဆေးရေး အဖွဲ့ကို တာဝန်ယူခဲ့သည့် နယ်စပ်ကုန်သွယ်ရေး ဌာမှ ညွှန်ကြားရေးမှူး ခြောက်ဦး အပါအဝင် ကုန်သွယ်ရေးအရာရှိ ရှစ်ဦးကို ဌာနပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးတေဇာအောင်ဝင်းက ပြောကြားသည်။ ပြောင်းရွှေ့ခံရသည့် ပုဂ္ဂိုလ်များမှာ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဦးကျော်ဒွန်း၊ ဦးစန်းလွင်၊ ဦးစန်းနွယ်ဝင်း၊ ဦးမျိုးညွန့်အောင်၊ ဦးသိန်းနိုင်နှင့် ဦးဇော်လွင်ဦး၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးတင်သွင့်နှင့် ညွန်ကြားရေးမှူး ဦးသန်းအောင် တို့ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အရာရှိများ အပြောင်းအရွှေ့သည် ဌာနဆိုင်ရာအတွက် မထူးဆန်းတော့ဘဲ
မူဝါဒအားဖြင့် ချမှတ်ပြီးသားဖြစ်ပြီး မိမိတို့ ဌာနသို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ အရာရှိ တစ်ယောက် ရောက်ရှိနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
"လူတိုင်းတော့ လာဘ်စားလို့ မဟုတ်ဘူး။ ပါကောင်းလည်း ပါနိုင်တယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန် လုပ်တဲ့လူတွေလည်း ရှိပါတယ်" ဟု ဦးတေဇာအောင်ဝင်း က သုံးသပ်သည်။
အဆိုပါ ပုဂ္ဂိုလ်ရှစ်ဦးကို ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာနတို့သို့ ပြောင်းရွေ့လိုက်ကြောင်း ၄င်းက ပြောကြားသည်။

အာဆီယံအဆင့် လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းပုံအလိုက် လုပ်ဆောင်နိုင်ရန် လူအပြောင်းအရွှေ့များ ပေါ်ပေါက်လာ ခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး
ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောကြားသည်။

တိုင်ကြားစာများနှင့် ဆက်စပ်၍ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း အရာရှိနှစ်ဦးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးကို အနားပေးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

သမ္မတ၏ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်တွင် ပိုမိုကောင်းမွန်သည့် အစီအစဉ်ဖြင့် လုပ်ဆောင်ရန်အတွက် အရာရှိများ အပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်းဟု ထင်မြင်မိကြောင်း ရေလုပ်ငန်းနယ်ပယ်မှ စီးပွားရေးလုပ်ငန်းရှင် ဦးနှင်းဦးက ပြောကြားသည်။

အစိုးရ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော် ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်စာများ အရ အရေးယူလိုက်ပြီ ဖြစ်ကြောင်း အစိုးရ က မကြာသေးမီက ပြောဆိုထားသည်။

The Voice Weekly  ,Rangonnewsdaily
RND:2.4.2013

0 comments:

Post a Comment