Pages

Saturday, January 12, 2013

သီရိသကျမဟာာဆြာဂျီး ညလယ်မိုး ရေးသား အပ်သော ခေတ်သစ် မဟာသင်္ကြန်စာ

မြန်မာသက္ကရာဇ် ၁၃၇၄-ခု၊နှောင်းတန်ခူးလဆန်း ( ၄ )ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ခု၊ ဧပြီလ ( ၁၄ ) ရက် သင်္ကြန်မဏ္ဍပ် မှ ရေပိုက် စဖွင့်ချိန်၌ မဟာသင်္ကြန်ကျ၏ ။မဟာသင်္ကြန်ကျသောအချိန် တွင်တနင်္ဂနွေဂြိုဟ်မင်းသည်ကို လက်တစ်ဖက်က ချိုးငှက်၊အခြားလက်တစ်ဖက်က ၁၂၀ မမ စိန်ပြောင်းကို ကိုင်လျှက် တိုယိုတာ ဟာရီယာကားကိုစီးလျှက် လူ.ပြည်သို. ဆင်း၏။ သုတိနန္ဒာ နတ်သမီး လည်း အလှည့်စေ့ ( လက်ညောင်း)ပြီ ဖြစ်သဖြင့် လက်ထဲတွင်ကိုင်ထားသော ဗြမ္မာကြီးဦးခေါင်းအား လက်ပံတောင်းတောင်ရှိရာ ဘက်အရပ်သို.လှည့်၍ ဒေါ်အောင်ဆန်းစုကြည်၏လက်ထဲသို.ကမ်း၏။ သုဇာဝင့်ကျော်အမည်ရှိ နတ်သမီးငယ်သည် ဇီးရိုးကွာတားဘောင်းဘီ ကိုဝတ်ကာ အိုပါးဂဏန်းစတိုင်တီးလုံးဖြင့်ကရင်း သင်္ကြန်မင်းအား ကြိုလင့်၏။

မိုးဦး၊မိုးလယ်၊မိုးနှောင်းကာလ များတွင် မိုးရွာချင်သလိုရွာအံ့၊ ဆန္ဒပြ မှုများ ထူပြောအံ့၊ ကော်မတီများ မှိုလိုပေါက်အံ့ ၊သတင်းစာအသစ်များထွက်ရှိ အံ့၊ ဂျာနယ်များအချိန်မှီ ဗျူဟာ မပြောင်းနိုင်သော် ငုတ်တုတ်မေ့အံ့ ၊

ရက်ကို လစောင့်၏။ လကို ယုန်စောင့်၏။ယုန်ကို မုဆိုးစောင့်၏။ မုဆိုးကိုတောခေါင်းစောင့်၏။မြို.တော်ခန်းမရှေ.ကို ဆန္ဒပြသူတို.စောင့်၏။ဆန္ဒပြသူတို.ကို ဗီနိုင်းထုတ်သူတို.စောင့်၏။ ရပ်ကွက်လမ်းဆုံများအားဆိုက်ကားသမားများစောင့်၏။ ဈေးဝယ်စင်တာများအား တက္ကစီများစောင့်၏။တက္ကစီများအား ယာဉ်ထိန်းရဲများစောင့်၏။ ပြည်တော်ပြန် အဆိုတော်များအား စတိတ်ရှိုးစီစဉ်သူတို.စောင့်၏။

ခြေနှစ်ချောင်းတို.၏အဓိပတိကား ကြော်ငြာဆိုင်းဘုတ်၊ ခြေလေးချောင်းတို.၏အဓိပတိကား တောက်တဲ့၊ ငှက်တို.၏အဓိပတိကား ဟိမ၀န္တာလင်းတ ၊ဆိုင်တို.၏အဓိပတိကား ဟန်းဆက်ဆိုင် ၊ ရှိုးရွမ်းတို.၏အဓိပတိကား ကားရှိုးရွမ်း ၊စာအုပ်တို.၏အဓိပတိကား မျက်နှာစာအုပ် ဖြစ်တော့သတည်း။

ယခုနှစ်အတွက် ( ၇ )ရက်သားသမီးများအဖို. ယတြာကား….

တနင်္ဂနွေသားသမီးများ - အများပြည်သူအတွက် ဟူသော အော်သံအား အကြောင်းတိုက်ဆိုင်တိုင်း အာခေါင်ခြစ်သံနှင့်ပြောရန်

တနင်္လာသားသမီးများ - ချီတက်ဆန္ဒပြ ပွဲများတွင် ကျီးကြည့်ကြောင်ကြည့် ကြည့်ရင်း ချိန်ကိုက်ပါဝင်ရန်

အင်္ဂါသားသမီးများ - ဆန္ဒထုတ်ဖော်ပွဲများတွင် ဆုတ်လဲဆူး ၊စားလည်းရူး အိုက်တင်ဖြင့် ညီညွတ်ကြပါ…ညီညွတ်ကြပါ ဟု အော်ရန်….

ဗုဒ္ဒဟူးသားသမီးများ - ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရောယောင် ပြီး ၀င်အရွေးခံ ခြင်းမှ ဝေးဝေးရှောင်ရန်

ကြာသာပတေးသားသမီးများ- ပြည်သူ.ဆန္ဒ ၊ တောင်းတိုင်းရ…မရလျှင် မီးဟုန်းဟုန်းတောက်စေရမည်ဟု ဖေ့စ်ဘုတ်ပေါ်တွင် မကြာခဏ ပြောပေးရန်

သောကြာသားသမီးများ - ဟိုပွဲ ဒီပွဲ များသို. သိသိ မသိသိ ဟိတ်တစ်လုံး ဟန်တစ်လုံး ဖြင့် သွားတက်ရန်

စနေသားသမီး များ - တတ်ယောင်ကားသမားများ နှင့် ထိပ်တိုက်တွေ.လာလျှင် တတ်နိုင်သမျှ တည့်တည့်တိုးရန်

သဗ္ဗေသတ္တာကမ္မသကာ…ကိုယ်ဖြစ်ကိုယ်ခံ ကြပေရော့………ဤသည်ကား သီရိသကျမဟာဆြာဂျီး ညလယ်မိုး ၏အလိုတည်း…..။
 
ညလယ် မိုး

0 comments:

Post a Comment