Pages

Wednesday, December 26, 2012

ဘန်ကောက် Dusit ဆေးပညာဝန်ဆောင်မှုမှ မြန်မာနိုင်ငံတွင် လာမည့်နှစ်အတွင်း ဆေးရုံတည်ဆောက်ရန် စီစဉ်

Bangkok Dusit Medical Services Plc(BGH) က လာမည့် ၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဆေးရုံလာရောက်တည်ဆောက်ရန် အစီအစဉ်ရှိနေသည်ဟု ထိုင်းနိုင်ငံ သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။၎င်းတို့သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆေးရုံအုပ်စုတွင် ပါဝင်ပြီး ၄င်းတို့၏ စီးပွားရေးကို ချဲ့ထွင်ရန်ယခုလို မြန်မာနိုင်ငံတွင် ဆေးရုံလာရောက်ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်သည်။ ကုမ္ပဏီ၏ အမှုဆောင်ချုပ်က မြန်မာနိုင်ငံတွင် မြေယာပိုင်ဆိုင်ခွင့်၊
ငွေကြေးလွှဲပြောင်းမှုနှင့် စီးပွားရေးပိုင်ဆိုင်ခွင့် အခြေအနေများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများ ပိုမိုရှင်းလင်းမှုရှိလာရန် လိုအပ်သည်ဟု ဆိုသည်။

BGHအဖွဲ့က မြန်မာနိုင်ငံအတွင်း ဈေးကွက်အခြေအနေများကို လေ့လာပြီးဖြစ်ကာ မြေယာအပိုင် ၀ယ်ယူလိုသော်လည်း မြေယာဆိုင်ရာ စည်းမျဉ်းများ မသေချာမှုကြောင့် နှောင့်နှေးနေရသည်ဟု ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံက ကျွန်တော်တို့ဟိုတယ်တွေကိုဆေးလာရောက်ကုသတဲ့ လူနာဦးရေဟာ ယူအေအီးနိုင်ငံပြီးရင် အများဆုံးဖြစ်နေပါတယ်။ဒါကြောင့် မြန်မာနိုင်ငံဟာ ဈေးကွက်အလားအလာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်” ဟု BGH အဖွဲ့၏ အမှုဆောင်ချုပ် မစ္စတာချတ်ထရီးက ပြောသည်။

BGH အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင်လည်း ဆေးရုံသုံးရုံ တည်ဆောက်ထားပြီး ဖြစ်သည်။ ၄င်းတို့က လက်ရှိတွင် ဆေးရုံ ၃၁ ရုံ ပိုင်ဆိုင်ထားရာမှ ၂၀၁၅ ခုနှစ်တွင် ၅၀ ရုံအထိ တိုးမြှင့်တည်ဆောက်ရန် ရည်ရွယ်ထားသည်။

မြန်မာလူမျိုးများ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုမှာ ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ခန့်တွင် လာရောက်ဆေးကုသမှု အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လာခဲ့သည်။

မြန်မာလူမျိုးများ သွားရောက်ဆေးကုသမှုများသော အခြားနိုင်ငံများတွင် စင်ကာပူ၊ အိန္ဒိယနိုင်ငံတို့လည်း ပါဝင်နေသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း ပြည်ပဆေးရုံများနှင့် ချိတ်ဆက်ဝန်ဆောင်မျာပေးနေသော လုပ်ငန်းများများပြားလာနေပြီး ပြည်တွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်ချက်များစွာ ရှိနေသေးကြောင်းပြည်ပနိုင်ငံများတွင် ဆေးကုသမှု ခံယူနေကြသူများက ဆိုသည်။

 
Eleven Media Group 

0 comments:

Post a Comment