Pages

Monday, December 24, 2012

ဆရာတော်ဦးတိက္ခဥာဏ၏ ဆေးကုသစရိတ် ဘတ်ငွေသုံးသန်းကျော် ကုန်ကျနေခြင်းကြောင့် ပုဂ္ဂလိက ဘန်ကောက်ဆေးရုံကြီးမှ ထိုင်းအစိုးရဆေးရုံသို့ ပြောင်းရွှေ့ကုသရန်စီစဉ်

ထိုင်းနိုင်ငံရှိ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဒဏ်ရာရသံဃာတော် ဦးတိက္ခဥာဏ၏ ဆေးကုသစရိတ်မှာ ဘတ်ငွေသုံးသန်းကျော် ကုန်ကျပြီးဖြစ်ကြောင်းနှင့် ထိုသို့ ကုသစရိတ် ကြီးမြင့်သောကြောင့် ပုဂ္ဂလိက ဘန်ကောက်ဆေးရုံကြီးမှ ထိုင်းအစိုးရဆေးရုံသို့ ပြောင်းရွှေ့ကုသရန် စီစဉ်လျက်ရှိကြောင်း သိရသည်။အဆိုပါ အခြေအနေကို သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာတော် ဦးဝိမလက “ထိုင်းကို ဆေးသွားကုတဲ့ဆရာတော် ဦးတိက္ခဥာဏရဲ့ ဆေးကုသစရိတ်က လက်ရှိအချိန်ထိ ထိုင်းဘတ်ငွေ သုံးသန်းကျော်သွားပြီလို့ ဆရာတော်ကို စောင့်ရှောက်ဖို့ လိုက်သွားတဲ့ ကိုနေသူရိန်ဆီက သိရတယ်။ ဒါတောင် ဆရာတော်ရဲ့ ညာဘက်လက်ကို အရေပြား အစားထိုးကုသမှုပဲ လုပ်ရသေးတယ်” ဟု မိန့်ကြားသည်။

ယင်းသို့ ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံတွင် ကုန်ကျမှုကြီးမြင့်သောကြောင့် ဆရာတော်ဦးတိက္ခဥာဏအား ထိုင်းအစိုးရဆေးရုံသို့ ပြောင်းရွှေ့ကုသရန် စီစဉ်နေရခြင်း ဖြစ်ကြောင်း ဆရာတော်ဦးဝိမလက မိန့်သည်။

ဆရာတော်ဦးတိက္ခဥာဏ ဆေးကုသမှုပြုရန် နိုင်ငံတော်မှ ဘတ်ငွေတစ်သန်းကို ဒီဇင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံရှိ ဘန်ကောက်ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် နောက်ဆက်တွဲ ကုသစရိတ် ကုန်ကျမှုများကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအနက် ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သည့် ဆရာတော် ဦးတိက္ခဥာဏသည် ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသို့ ဆေးဝါးကုသရန် ထွက်ခွာခဲ့သည်။

အဆိုပါ ဒဏ်ရာရ သံဃာတော်များ၏ ဆေးဝါးကုသမှုဆိုင်ရာ ကုန်ကျစရိတ်အားလုံးကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က တာဝန်ယူ ဆောင်ရွက်ပေးမည်ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်မြှင့်တင်ရန် လာရောက်စဉ် ထိုသို့ထုတ်ဖော် ပြောကြားခဲ့ကြောင်း ဆရာတော် ဦးဝိမလက မိန့်သည်။

ဒဏ်ရာရ သံဃာတော်များ ပြည်ပသို့ သွားရောက်ရန် လိုအပ်ပါက နိုင်ငံကူးလက်မှတ် အမြန်ရရှိရေးနှင့် အခြားလိုအပ်သော အကူအညီများ လုပ်ဆောင်ပေးသွားမည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့က မန္တလေးမြို့တွင် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ သံဃာတော်များအား အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန်လျှောက်ထားခဲ့သည်။

လက်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေသည့် ကြေးနီစီမံကိန်း သပိတ်စခန်း ဒဏ်ရာရသံဃာတော်များအား လိုအပ်ပါက ပြည်ပသို့သွားရောက် ဆေးကုသနိုင်ရန် နိုင်ငံကူးလက်
မှတ်ရရှိရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

  
Eleven Media Group 

0 comments:

Post a Comment