Pages

Friday, November 9, 2012

Apple ရဲ့ သင်ပုန်းကွန်ပြူတာများ အရောင်းသွက်

(ဓာတ်ပုံ - AP) 
ပြီးခဲ့တဲ့ သောကြာနေ့မှာ ဈေးကွက်ထဲရောက်လာတဲ့  အိုင်ပက်မီနီ၊  ထပ်မံအဆင့်မြှင့်ထားတဲ့ အိုင်ပက်အသစ်တို့ဟာ ၃ ရက် အတွင်းမှာတင် အလုံးရေ သုံးသန်းခန့် ရောင်းချခဲ့ရကြောင်း Apple ကုမ္မဏီ စီအီးအို တင်မ်ကွတ်က ကြေညာသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ မတ်လတုန်းက  ၃ ရက်အတွင်းအိုင်ပက် အလုံးရေ တသန်းခွဲ ရောင်းချခဲ့ရတဲ့ စံချိန်ကို ချိုးလိုက်တာပါပဲ။

နယူးယောက်မြို့၊  မက်ဟက်တန် အမှတ် ၅ လမ်းမကြီးပေါ်က Apple စတိုးဆိုင်ကြီးမှာ အဖြူရောင် အိုင်ပက်မီနီတွေ ၁ နာရီအတွင်း ကုန်သွားခဲ့သလို ၊ အနက်ရောင် အိုင်ပက်မီနီတွေဟာလည်း ၂ နာရီအတွင်း အကုန် အရောင်းထွက်သွားတာပါ။

ဒါနဲ့ပတ်သက်ပြီး တင်မ်ကွတ် က  “၀ယ်လိုအား ကောင်းနေတဲ့ အိုင်ပက် ပစ္စည်းသစ်တွေကို အလျင်မီအောင် ထုတ်လုပ်သွားဖို့ ကျနော်တို့  ကြိုးစားနေပါတယ်“ ဆိုပြီးပြောကြားခဲ့ပါတယ်။

အသစ်ထွက်ရှိလာတဲ့ အိုင်ပက်မီနီကို US$ 329 နဲ့  စတင် ရောင်းချနေတာပါ။ အိုင်ပက်မီနီ ဆိုတဲ့အတိုင်း  နဂိုရှိရင်းစွဲ ၁၀ လက်မ ဆိုဒ်ထက် ပိုမိုပေါ့ပါး၊ ၂၃ ရာခိုင်နှုန်းခန့် ပိုမို ပါးလွှာပါတယ်။

ဆိုခဲ့သလိုပဲ Apple က ထပ်မံ အဆင်မြှင့်တင်လိုက်ပြီး ထုတ်လုပ်လိုက်တဲ့ မျိုးဆက် ၄ ခုမြောက် အိုင်ပက် ပစ္စည်းသစ်ဟာလည်း အင်မတန် ရောင်းအားသွက်လို့နေပါတယ်။ ဒီ မျိုးဆက် ၄ ခုမြောက် အိုင်ပက်ပစ္စည်းသစ်ဟာ အရင် မော်ဒယ်ထက် မြန်ဆန်တဲ့ ပရော်ဆက်ဆာ (Processor) ပါဝင်တာကြောင့် အလုပ်လုပ်အား ပိုမိုကောင်းမွန်ပါတယ်။

Apple ရဲ့ အိုင်ပက် ပစ္စည်းသစ်တွေဟာ သင်ပုန်းကွန်ပြူတာ (Tablet) လောကမှာ ဆက်လက် ကြီးစိုးထားဆဲဖြစ်ပါတယ်။

သို့သော်လည်း Apple အတွက် စိုးရိမ်စရာ ကောင်းတာကတော့ -  လွန်ခဲ့တဲ့နှစ်ကစပြီး နည်းပညာသစ်၊ ဗျူဟာသစ်တွေနဲ့ ထွက်ရှိလာခဲ့ကြတဲ့

- ဆမ်ဆောင်း (Galaxy Tab) ၊ 
- အမေဇုန်ရဲ့ ကင်ဒဲယ်(Kindle) ၊
- ဂူဂဲရဲ့ နက်ဆက်(Nexus7)  
စတဲ့ စတဲ့ ပစ္စည်းသစ်တွေဟာလည်း
သင်ပုန်းကွန်ပြူတာ လောကမှာ ၁၀ ရာခိုင်နှုန်းခန့် ဈေးကွက်ကို ဖဲ့ယူနေတဲ့ အချက်ပါပဲ။

ဒါကြောင့်မို့ Apple က ဘယ်လိုနည်းဗျူဟာတွေ သုံးပြီး ရောင်းအားမကျအောင် ဆက်ထိန်းထားမယ် ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။


Money.com

0 comments:

Post a Comment