Pages

Wednesday, October 10, 2012

Internet Website အချို့နှင့် Facebook အကောင့်အချို့၏ မမှန်ကန်သော အချက်အလက်များကို တာဝန်သိသူ များက ဖော်ထုတ် ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အင်တာနက်ဝက်ဘ်ဆိုက် အချို့ နှင့် ဖေ့စ်ဘွတ် အကောင့်အချို့၏ မမှန်ကန်သော အချက်အလက်များကို တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစု
ကြည်၏အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင်ElevenMediaGroup မှ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
“အန်တီ့အမြင်ကတော့ ဒီအချက်အလက်တွေက မမှန်ဘူးဆိုရင် မမှန်ကြောင်းကို ဖော်ထုတ်ဖို့ တခြားသူတွေမှာ တာဝန်ရှိတာပေါ့။ မမှန်ဘူး လို့မြင်ရင်တော့ ဖော်ထုတ်ရမှာပဲ။ ခက်တာက အင်တာနက်ရဲ့ အားနည်း ချက်ပေါ့။ ရေးချင်တဲ့သူက ရေးချင်တာကို တာဝန်နဲ့ရေးလို့ရတယ်။ 
 
တာဝန်နဲ့ရေးလို့ရပေမယ့် တာဝန်နဲ့ ရေးတဲ့သူမရှိဘူး။ တာဝန်သိတဲ့သူ တွေကတော့ ဒါကို ထောက်ပြရမှာပဲ။ နောက်တစ်ခုကတော့ ပြည်သူတွေကို ပညာပေးရမယ်။ ဘယ်လို ဘယ်လိုရှိတတ်ပါတယ်ပေါ့။ ဘယ်လိုရေးတာတွေကိုကြည့်ပါ။ ဘယ်လိုချင့်ချိန်ပါ ဆိုတာတွေကို မီဒီယာတွေက ၀ိုင်းရေး ပေးစေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
အင်တာနက်ပေါ်က မိမိနှင့် သဘောထား မတူသူများကို ကိုယ့်ရန်သူဟုဆိုကာ သဘောတူသည့်သူများ ပေါင်းသည့်အခါတွင် အစွန်းရောက်သည့် စိတ်ဓာတ်များ ရှိလာသည့် အတွက် ယင်းကိစ္စမှာ စိုးရိမ်စရာ ဖြစ်လာသည်ဟု ပညာရှင်များက ထောက်ပြကြောင်း၊ ယင်းကိစ္စများကိုလည်း သတင်းလောကမှ လူများ ကသိထားကာ တတ်နိုင်သမျှ ကြိုးစားပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ အယ်ဒီတာချုပ်ကို ဝေဖြိုးက “အန်တီရှင်းသွားတဲ့ အထဲ မှာလည်း ပါပါတယ်။ မီဒီယာတွေ သတင်းတွေပျံ့နှံ့ဖို့ အရေးပါတယ် ဆိုတာလည်း ပါပါတယ်။ 
 
ကျွန်တော်တို့ သတိထားမိတာက Facebook Account တချို့မှာ အန်တီ့ရဲ့ပြီးခဲ့တဲ့ နယူးယောက်ခရီးစဉ် အပါအ၀င် သတင်းတော်တော်များများကို ကျွန်တော် တို့တရားဝင်၊ အဖွဲ့ချုပ်ရဲ့တရားဝင်ဆိုက်တွေထက်ပိုပြီး လျင်လျင်မြန်မြန် ဖော်ပြနေတာတွေ့ရပါတယ်။ ဒါပေမယ့်တစ်ဖက်မှာလည်း အဲဒီဆိုက်တချို့မှာ ရေးသားတဲ့ အကြောင်းအရာ တွေမှာ အချက်အလက်သုံးမျိုးလောက်ကိုတွေ့ရပါတယ်။ ပထမ တစ်ချက်က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားနိုင်တဲ့ အရေးအသားမျိုးကို တွေ့ရပါတယ်။ 
 
ဒုတိယတစ်ချက်ကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်နိုင်တဲ့ အရေးအသားမျိုးကိုလည်း တွေ့ရပါတယ်။ တတိယတစ်ချက်ကတော့ မီဒီယာတွေ ရဲ့ လွတ်လပ်ခွင့်ကို ထိပါးပုတ်ခတ်တဲ့ အရေးအသားများကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ တစ်ဖက်မှာ အန်တီ့ရဲ့ ခရီးစဉ်အပါအ၀င် Up to Date သတင်းတွေကို ဖော်ပြနေတာ ရှိတယ်။ 
 
တစ်ဖက်မှာ အဲဒါမျိုးတွေ ရေးတဲ့အတွက် မီဒီယာတွေကြားမှာ၊ အများပြည်သူကြားမှာ အဖွဲ့ချုပ်နဲ့များ ပတ်သက်ဆက်စပ်မှု တစ်စုံတစ်ရာ ရှိမလား သို့မဟုတ် ထင်မြင်ယူဆစရာ တစ်စုံတစ်ရာရှိတဲ့အတွက် ဒီလို ကိစ္စရပ်တွေအပေါ်မှာ အန်တီ့ရဲ့ အမြင်နဲ့သဘောထားကို သိချင်ပါတယ်” ဟု မေးမြန်းခဲ့ပြီး ဆက်စပ်မေးခွန်းအဖြစ် “ကျွန်တော်မေးတာက အဲဒီဆိုက်တွေ က တိုက်ခိုက်တဲ့အပေါ်မှာပါ။ ဘာကြောင့်ဒီလို မေးရသလဲဆိုတော့ တစ်ဖက်မှာ Myanmar Express ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ တိုက်ခိုက်မှု တွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အရေးပါတဲ့လူတွေ အန်တီအပါအ၀င်ပေါ့နော်။
 
 ကာယကံရှင်တွေက သည်းခံနိုင်လောက်တဲ့ အနေအထားရှိပေမယ့် အများပြည်သူအတွက်တော့ အများကြီး annoyance ဖြစ်တယ်။  အဲဒီအတွက် ကျွန်တော်တို့က အစိုးရနဲ့ပြန်ကြားရေး ဌာနကို ဘယ်လိုတာဝန်ယူမလဲဆိုတာ ကို မေးဖို့ရှိပါတယ်။ အဲဒါကြောင့် ဒီဖက်မှာလည်း NLD နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တဲ့ တချို့ Facebook တွေက ခုနပြောတဲ့အကြောင်းအရာ သုံးချက်ကို တိုက်ခိုက်နေတဲ့အပေါ်မှာ အန်တီ့ရဲ့သဘောထားကို သိချင်တာပါ”ဟု ထပ်မံမေးမြန်းခဲ့ပြီး မေးခွန်း များအပေါ် ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
“ကျွန်မတို့ဘာမဆိုဒီလိုပဲ။ အကောင်းရော၊ အဆိုးရောရှိတယ်။ အားလုံး ၁၀၀ ရာခိုင်နှုန်းကောင်း တယ်ဆိုတာ ဘာမှမရှိဘူး။ အခု အင်တာနက်ကိစ္စမှာလည်း ဒီလိုအင်တာနက်ရှိလို့၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေရှိလို့ ပြည်သူတွေအတွက် အကျိုးရှိသလို ပြဿနာတွေလည်း တက်တာပဲ။ ဒါဟာ အခု အန်တီတို့နိုင်ငံကိစ္စတင် မဟုတ်ဘူး။ Facebook တွေမှာ ဘာတွေ့လဲဆိုရင် အမှန်ပြောရရင် အန်တီ့မှာ ကြည့်ဖို့ အချိန်မရှိဘူး။ ကိုယ့်အလုပ်သာ ကိုယ်လုပ်သွားတာပဲ။
 
 ရေးတဲ့သူကတော့ သူတို့ရေးချင်သလို ရေးမှာပဲ။ ဒီတော့ ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်လို့ ထိပါးတာ တွေရှိတယ်ဆိုတာ အဲဒီဟာတွေကတော့ စဉ်းစားစရာ နှစ်မျိုးရှိတယ်။ တချို့ကျတော့ သတိပေးတဲ့အနေနဲ့ ရေးတာဖြစ်နိုင်တယ်။ ဟို ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ကြပါပေါ့နော်။ ဥပမာ အားဖြင့် အန်တီကနေပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ သတိထားကြပါ။ 
 
အလျင်မလိုကြပါနဲ့။ နည်းနည်းပါးပါးလည်း ဟိုဘက်ဒီဘက် ချင့်ချိန်ပြီးကြည့်ပါ။ အကောင်းတွေချည်းပဲ အမြင်မလွန်ပါနဲ့လို့ ပြောရင် တချို့က မကြိုက်ကြဘူး။ ဒါကို အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိုထိပါး တယ်လို့ ထင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမယ့် ဒါကတော့ မှန်မှန်ကန်ကန် အန်တီပြောရမယ့်ကိစ္စပဲ။ သတိပေးရမယ့်ကိစ္စပဲ။ အဲတော့ အဲဒီဟာမျိုး ပေါ့နော်။ ကိုယ့်ရဲ့စေတနာပေါ်မှာ တည်တာပေါ့။ စေတနာဆိုတာလည်း ခက်သားပဲ။ မြင်ရတာမှ မဟုတ်ပဲ။ သူတို့ စိတ်ထဲမှာရှိတာပဲ” ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။
 
“မီဒီယာရဲ့လွတ်လပ်ခွင့်ကို ပြောရမယ်ဆိုရင် မီဒီယာရဲ့လွတ်လပ်ခွင့်ကို မီဒီယာက တာဝန်ယူရမယ်။ တာဝန်သိစိတ်ရှိရမယ်။ အန်တီ မှန်မှန် ကန်ကန်ပြောမယ်နော်။ တချို့မီဒီယာ လောကထဲကလူတွေက တော်တော် ထောင်လွှားတယ်။ 
 
ငါတို့ကရေးလိုက်ရင် လူတစ်ယောက်ကို သိက္ခာ ချက်ချင်းတက်အောင်လည်း လုပ်နိုင် တယ်။ သိက္ခာချက်ချင်းကျအောင် လည်း လုပ်နိုင်တယ်ဆိုပြီး။ အဲဒီစိတ်ဓာတ်နဲ့ မလုပ်ရဘူး။ ပုဂ္ဂိုလ်ရေး စိတ်ဓာတ်မရှိရဘူးလို့တော့ မဆိုလိုပါဘူး။ လူတိုင်းမှာရှိတာပဲ။ အန်တီ လည်း ခင်တဲ့လူ၊ မခင်တဲ့လူရှိတယ် ပေါ့။ ဒါပေမယ့် ဘယ်သူ့ကိုမှ လာပြီး ရောင်ပြန်မဟပ်ရဘူး။ ဒါကတော့ ကိုယ့်စိတ်ထဲမှာ။ 
 
ကိုယ့်အလုပ်လုပ်တဲ့ အခါမှာ ဒီလူကို မကြိုက်လို့ ဟို လူကို မကြိုက်လို့။ ဒီလူကို မကြိုက်လို့ရှိရင် ပွင့်ပွင့်လင်းလင်းပြော။ ဒါပေမယ့် တချို့ကျတော့ အခုကြားဖူးမှာ ပေါ့နော်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးတို့၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လေ့လာနေသူတစ်ဦး တို့ဆိုပြီးတော့ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်သလိုနဲ့ ဘက်လိုက်တာတွေ အများကြီးတွေ့ရတယ်။ အဲဒါမျိုး ဆိုရင်တော့ ဒါကမဖြောင့်ဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်က တော့ NLD ဘက်တော်သား ဆိုပြီးတော့ ရေးရင်တော့ ဘာဖြစ်လဲ ရေးပါစေပေါ့” ဟုဖြေကြားခဲ့သည်။
 
 
EMG

0 comments:

Post a Comment