Pages

Wednesday, October 10, 2012

အရှိန်မကုန်သေးတဲ့ ရန်ကုန်မြို့ပေါ်က ရေပေါ်ဆီညရပ်ကွက်များ

Photo

နိုက်ကလပ်များနှင့် လမ်းမများပေါ်မှ ကားပြိုင်ပွဲများ၊ ရန်ပွဲများမှာ တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်
ဆောင်နေသည်ဆိုသည့် ယခုကာလတွင်ပင် အရှိန်မကုန်နိုင်သေးဘဲ ထင်ထင်ပေါ်ပေါ် ပါဝါပြိုင်နေကြဆဲဖြစ်
သည်။ ရန်ကုန်မြို့တွင်ရှိသည့် နိုက်ကလပ်များတွင် အထက်တန်းလွှာနှင့် လူကုံထံအသိုင်းအ၀ိုင်းမှ လူငယ်
များဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီးညလူခြေတိတ်ချိန်တွင်ပြိုင်ကားများယှဉ်ပြိုင်မောင်းနှင်ခြင်းနှင့်ခိုက်ရန်ဖြစ်
ပွားခြင်းများမှာ ၎င်းတို့အတွက် မဆန်းကြယ်တော့ကြောင်းနိုက်ကလပ်လုံခြုံရေးများကို ဆယ်စုနှစ်နှစ်ခုကျော်
ကာ ဆောင်ရွက်လာခဲ့သည့် လုံခြုံရေးဝန်ထမ်းတစ်ဦးကဆိုသည်။
“ဒါတွေက အမြဲဖြစ်နေကျဆိုတော့ မဆန်းတော့ပါဘူး။ အခုလို လူသိရှင်ကြားဖြစ်ပြီး လာမေးကြတာကပဲဆန်း
နေတယ်”ဟု သူကပြောသည်။

အထက်တန်းလွှာနှင့် အလယ်အလတ် လူတန်းစားများအတွက် ဖွင့်လှစ်ထားသော နိုက်ကလပ်များတွင် ဖြစ်
ပေါ်လာသည့် ပြဿနာများကို ထိုအသိုင်းအ၀ိုင်း အချင်းချင်းကပင် ဖြေရှင်းလိုက်ကြလေ့ရှိသည်။ သို့မဟုတ်
ပါကလည်း နိုက်ကလပ်များတွင် ခန့်အပ်ထားသော လုံခြုံရေးဝန်ထမ်းများကသာ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်း
လိုက်ကြသည်က များသည်ဟု သိရသည်။

“နိုက်ကလပ်တွေက သူတို့လုံခြုံရေးတွေရှိတယ်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမှ ရဲဆီကို ရောက်လာတတ်
တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အောက်တိုဘာလ ၆ ရက် နံနက် ၂ နာရီခွဲခန့်က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပလက်ဖောင်းပေါ်ရှိ ဓာတ်တိုင်
တစ်တိုင်အောက်တွင် တန်ဖိုးကြီးမားသည့် အနီရဲရဲပြိုင်ကားတစ်စီး ရောက်ရှိနေသည်။ ပြိုင်ကားအနီပေါ်တွင် ဓာတ်တိုင်က အလယ်တည့်တည့်မှ ပိကျနေခြင်းဖြစ်ပြီး ကားတစ်စီးလုံး ကြေမွနေသည့် မြင်ကွင်းက ယင်းပြိုင်
ကားငယ်၏ အရှိန်ပြင်းထန်စွာ မောင်းနှင်လာမှုကို ပေါ်လွင်နေစေသည်။

ထိုအချိန်မှာပင် ပြိုင်ကားနှစ်စီးခန့် ရောက်လာကာ တစ်ဦးက ယာဉ်ထိန်းရဲအရာရှိထံ လျှောက်သွား၍ တစ်စုံ
တစ်ခုကို တီးတိုးပြောဆိုလိုက်ပြီး ကားတစ်စီးပေါ် ပြန်တက်သွားသည်ကို တွေ့ရသည်။ ကားနံပါတ်ပြားပေါ်
တွင် အင်္ဂလိပ်စာတန်းများ ရေးခြစ်ထားသော ပြိုင်ကားတစ်စီးကလည်း အခြေအနေကို ခေတ္တမေးမြန်းပြီး
နောက် လီဗာကို အစွမ်းကုန်နင်းကာ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်။

လိုင်းကားများအား ရုံးတက်ရုံးဆင်းချိန်တွင်ရပ်တန့်ခိုင်းကာယာဉ်မောင်းကို မကြာခဏ စစ်ဆေးလေ့ရှိတတ်
သည့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးကတော့ ဘာမှတ်ချက်မှ  မချနိုင်လောက်
အောင် အလုပ်များနေခဲ့ကြပြီး မောင်းထွက်သွားသည့် ပြိုင်ကားနံပါတ်ပြားပေါ်မှ စိတ်ကူးပေါ်ရာ ရေးခြစ်ထား
သည့် စာတန်းများကို ဂရုပြုမိကြပုံမရပေ။

အဆိုပါယာဉ်တိုက်မှုသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် နံနက် သန်းခေါင်ကျော်ဝန်းကျင်က ရန်ပွဲတစ်ပွဲ လတ်တလော ဖြစ်ပွားခဲ့သည့် အင်းလျားလိတ်ဟိုတယ်အတွင်းမှ ဒီဂျေဘား၊ ဂျီတီအာရ်နိုက်ကလပ်များနှင့် မ
နီးမဝေးမှာပင် ဖြစ်ပွားခြင်းဖြစ်သည်။

ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရပြီး မြန်မာဘုရင်များ နောက်ဆုံးနန်းစိုက်ခဲ့သည့် မြို့ဖြစ်သည့် မန္တလေးမြို့တွင်လည်း နာမည်ကြီးရန်ပွဲတစ်ခုကြောင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း နာမည်ကြီးအ
ဆင့်မြင့် ကလပ်နှစ်ခုကို ပိတ်ပင်ခဲ့မှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ ၎င်းအပြင် ပြိုင်ကားများ ယှဉ်
ပြိုင်မောင်းနှင်မှုများလည်း ရှိခဲ့ကြောင်း၊ မန္တလေးကျုံးပတ်လည်တစ်လျှောက်၊ မန္တလေးတောင်ခြေ လမ်းတစ်
လျှောက်နှင့် ပြင်ဦးလွင်သို့သွားသည့် လမ်းတစ်လျှောက်တွင် လွန်ခဲ့သည့် တစ်နှစ်ကျော်က ပြိုင်ကားခြောက်
စီး၊ ခုနစ်စီးခန့် အပြိုင်မောင်းနှင်လေ့ရှိကြောင်း၊ ၂၀၁၂ ခုနှစ်ရောက်မှ မန္တလေးတွင် ပြိုင်ကားများ အပြိုင်
မောင်းနှင်မှု မတွေ့မိတော့ကြောင်း ၎င်းကပြောသည်။

အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားကလပ်တွင် ခရိုနီအသိုင်းအ၀ိုင်းမှ နာမည်ကျော်သူဌေးကြီး
တစ်ဦးနှင့် နီးစပ်သူတစ်ဦးက ကလပ်သို့ လာရောက်သူများ ရပ်နေသည့် နေရာအတွင်းသို့ ကားဖြင့် အရှိန်
ပြင်းစွာ ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသောဒဏ်ရာရရှိသူမှတရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်ပွားခဲ့သည့် ကာယကံရှင်များမှာ ဒီဂျေဘားသို့ လာရောက်ကြသည့် လူငယ်အချင်းချင်းဖြစ်ပြီး ကလပ်အ
တွင်း စကားများခဲ့ရာမှ လုံခြုံရေးဝန်ထမ်းများက ဇော်ဇော်(ခ)ဇော်စိုးဝင်း (ထူးထရေးဒင်းကုမ္ပဏီဝန်ထမ်း)ကို အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။ ဇော်ဇော်သည် သူနှင့်အချင်းများသည့် အာကာပြည့်ဇော်၏ ဟွန်ဒါဘေ့စ်
ယာဉ်ကို ၎င်း၏လင့်ခရူဇာယာဉ်ဖြင့် နောက်မှဝင်တိုက်ခဲ့သည်။ ထို့အပြင် လူအများရပ်နေသည့်နေရာသို့ ထပ်မံဝင်တိုက်ရာ အခြားသူများက ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဆေးတက္ကသိုလ်နောက်ဆုံးနှစ်  ကျောင်း
သားတစ်ဦးဖြစ်သူ မောင်ဝေအောင်မှာ မလွတ်မြောက်ခဲ့ပေ။

ထိုသို့ လင့်ခရူဇာဖြင့် အတိုက်ခံရမှုကြောင့် မောင်ဝေအောင်မှာ ညာဘက်ညှပ်ရိုးကျိုး၊ ညာနောက်စေ့ကွဲ
၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကွဲ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှု
ခံယူခဲ့ရပြီး ဇော်ဇော်အား အမှုဖွင့်ထားခြင်းဖြစ်သည်။

“အဲဒီကိစ္စကို ပြောလို့မရဘူး။ ဘယ်သူမေးမေး မပြောရဘူးလို့ ကျွန်တော်တို့ကို မှာထားတယ်”ဟု ဒီဂျေဘားမှ လုံခြုံရေးဝန်ထမ်းတစ်ဦးကပြောသည်။

သို့သော် ဒဏ်ရာရသူမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် လှည်းကူးမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့နှင့် တူတော်စပ်သူတစ်ဦး ဖြစ်သောကြောင့် အဆိုပါသတင်းမှာ လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာပေါ်၌ ပျံ့နှံ့သွားခဲ့သည်။

“ကိုယ့်မှာပိုက်ဆံရှိတယ်၊ ဘာရှိတယ်ဆိုတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး။ ပြီးတော့ ဒီလိုနိုင်ငံမှာ လုပ်ချင်သလို လုပ်
လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း မရှိစေချင်ပါဘူး”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်
သည့် ကိုဌေးကြွယ်ကပြောသည်။

“လူငယ်ချင်း ထိခိုက်မိတာကနေ ဖြစ်သွားတဲ့သဘောပါပဲ။ ကိုဌေးကြွယ်၊ ကိုဖြိုးမင်းသိန်းတို့နဲ့ တူဖြစ်နေတာပဲ ရှိပါတယ်။ ဒဏ်ရာရတဲ့ ကောင်လေးရဲ့ အမေက ခရီးထွက်နေတော့ ပြန်ရောက်လာရင် အမှုကို ကျေအေးဖို့
ရှိပါတယ်။ ဒဏ်ရာကလည်း စိုးရိမ်စရာမရှိတော့ဘူးလို့ ကျွန်တော်တို့ သိထားပါတယ်”ဟု ဇော်ဇော်နှင့် နီးစပ်
သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် နိုက်ကလပ်ယဉ်ကျေးမှုကို ၁၉၉၅ ခုနှစ်ဝန်းကျင်ခန့်မှ အစပျိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ယဉ်
ကျေးမှုမှာ ၂၀၀၂ နောက်ပိုင်းတစ်လျှောက် ပီပြင်စွာ အမြစ်တွယ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်တွင်ရန်ကုန်
တစ်မြို့တည်း၌ နိုက်ကလပ်ပေါင်း ၂၀ နီးပါး ရှိလာနေခဲ့ပြီဖြစ်သည်။

အဆိုပါ နိုက်ကလပ်များတွင် လူငယ်များ၏ တစ်ညစာသုံးဖြုန်းကြသည့် ငွေကြေးပမာဏများ၊ တန်ဖိုးကြီးမော်
တော်ယာဉ်များ၊ မလုံ့တလုံ အ၀တ်အစားများကိုကြည့်၍ ဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသည်ကမ္ဘာ့အဆင်း
ရဲဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ကြောင်း မည်သူမျှ ယုံနိုင်ဖွယ်မရှိပေ။

နိုက်ကလပ်များတွင် အပတ်စဉ် သောကြာ၊ စနေနေ့များ၌ ကားပါကင်နေရာလွတ် မရှိတော့သည်အထိ လူ
စည်ကားလေ့ရှိပြီး အဆိုပါနေ့များတွင် ကလပ်တစ်ခုလျှင် လူပေါင်းရာနှင့်ချီ ရောက်ရှိလာလေ့ရှိကြောင်း နိုက်
ကလပ်လုံခြုံရေး ၀န်ထမ်းတစ်ဦးကပြောသည်။ ရန်ကုန်မြို့တွင် အကြမ်းဖျင်းအားဖြင့် သိမ်ကြီးဈေး၊ မင်္ဂလာ
ဈေးတို့တွင် ဖွင့်လှစ်ထားသည့် ဈေးနှုန်းသက်သာစွာဖြင့် ၀င်ရောက်နိုင်သည့် ကလပ်များ၊ ဈေးနှုန်းအသင့်အ
တင့်ရှိသော အလယ်အလတ်တန်းစားကလပ်များ၊ ဟိုတယ်များနှင့်တွဲလျက် ဖွင့်လှစ်ထားသည့် ကလပ်များ
ဟူ၍ သုံးမျိုးသုံးစား ရှိသည်ဟု သိရသည်။

 ပြဿနာဖြစ်ပွားမှု အများဆုံးမှာ အောက်ကလပ်ဟု ခေါ်ဝေါ်ကြသော ဈေးနှုန်းသက်သာသည့် ကလပ်များ
ပင်ဖြစ်ကြောင်း နိုက်ကလပ်အသိုင်းအ၀ိုင်းက ဆိုသည်။ “အမြင့်ကလပ်တွေမှာက သိပ်မဖြစ်ရဲကြဘူး။ အမြင့်
ကောင်တွေ အချင်းချင်းပဲဖြစ်ကြတာ။ သူတို့ဖြစ်ရင်လည်း အပြင်ကလူတွေက ၀င်မဆွဲရဲဘူး။ လုံခြုံရေးတွေ
တောင်မှ ၀င်မဆွဲရဲဘူး။ အသိုင်းအ၀ိုင်းတစ်ခုတည်းကလူတွေ ရန်ဖြစ်ရင် ဘယ်သူမှမဆွဲရဲဘူးဟု နိုက်ကလပ်
များတွင် နှစ်အတော်ကြာ ကျင်လည်ခဲ့သူတစ်ဦးကပြောသည်။

ပြိုင်ကားယှဉ်မောင်းခြင်းများ၊ ရန်ပွဲများအပြင် နိုက်ကလပ်များနှင့် ဆက်နွှယ်နေသည့် နောက်ထပ်အကြောင်း
အရာ တစ်ခုကတော့ အရက်နှင့် မူးယစ်ဆေးဝါးပင်ဖြစ်သည်။ အရက်ပုလင်းတစ်လုံးကို အဖုံးဖွင့်လိုက်သည်
နှင့် အနည်းဆုံး ခုနစ်သောင်းကျပ် ပေးဆောင်ရသည့် နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပု
လင်းအဖုံးမျိုးစုံကို ဖွင့်နိုင်မည်ဖြစ်သည်။

နိုက်ကလပ်များတွင် ငွေပေးနိုင်သလောက် အရက်ပုလင်းအဖုံးမျိုးစုံကို ဖွင့်နိုင်မည်ဖြစ်သော်လည်း မူးယစ်
ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲခြင်းကို တွေ့ရှိလျှင် သက်ဆိုင်ရာသို့ အကြောင်းကြားမည်ဟုလည်း နံရံ
တွင် စာကပ်ထားရသည့် အခြေအနေများလည်း ရှိနေခဲ့သည်။သို့သော်မီးရောင်စုံကြားတွင်နာရီပေါင်းများစွာ
စည်းချက်ကျကျ မမောနိုင်မပန်းနိုင် ကခုန်နေကြသည့် လူငယ်များထဲတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူငယ်များ မပါဝင်ကြောင်း တပ်အပ်ပြောဆိုရန် ခက်ခဲသည်ဟု အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး
ကပြောသည်။

“ဆေးပြားတွေက တစ်ညလုံး မအိပ်ဘဲနဲ့ မစားဘဲနဲ့ ကနိုင်တယ်၊ ခုန်နိုင်တယ်၊ ဆိုနိုင်တယ်၊ စိတ်ကိုကြွစေ
တယ်၊ ရန်လိုချင်တဲ့ဆန္ဒတွေ ပြင်းပြလာတယ်။ မိန်းကလေးတွေ စိတ်တက်ကြွလာရင် ပိုရှုပ်ကုန်မယ်”ဟု
 မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ခိုင်ကပြောသည်။

သန်းခေါင်ကျော် မီးရောင်စုံအောက်တွင် မူးယစ်ပျော်ပါးနေသော အမျိုးသားများအတွက် ပြည့်တန်ဆာဈေး
ကွက်ကလည်း နိုက်ကလပ်အတော်များများမှာ တွင်ကျယ်လျက်ရှိပြီး အချို့ရန်ပွဲများအတွက် ရင်းမြစ်တစ်ခု
 ဖြစ်နေတတ်သည်ဟု သိရသည်။ ရန်ပွဲတစ်ပွဲဖြစ်ပွားသည်နှင့် ကိုယ်ခံပညာ တတ်ကျွမ်းထားသော လုံခြုံရေး
များက အမြန်ဆုံးရောက်ရှိလာမည်ဖြစ်ပြီး ပြဿနာမကြီးထွားရန် ထိန်းသိမ်းကြမည်ဖြစ်သည်။

လွန်ကဲစွာ မူးယစ်ရမ်းကားနေသူကို ကလပ်အပြင်ဘက်သို့ ဆွဲထုတ်သွားလေ့ရှိပြီး ကလပ်အတွင်း၌ ပြဿ
နာမဖြစ်ပွားစေရန် အဓိကဆောင်ရွက်ကြကြောင်း နိုက်ကလပ်လုံခြုံရေးတစ်ဦးက ပြောပြသည်။ အမြင့်က
လပ်များတွင် ပြဿနာမှာ အချိန်ခဏအတွင်း ပြီးဆုံးသွားတတ်သော်လည်း ဈေးများတွင် ဖွင့်လှစ်ထားသည့် ၀င်ကြေးသက်သာသည့် ကလပ်များမှာတော့ ပြဿနာက မမျှော်လင့်ဘဲ ကြီးမားသွားတတ်ကြောင်း သိရ
သည်။

“အဲဒီ့ကလပ်တွေမှာ ပြဿနာတက်ပြီး ရန်ဖြစ်ရင် လုံခြုံရေးတွေက သမတယ်။အပြင်ကိုဆွဲထုတ်ခံရရင်အပြင်
မှာရှိတဲ့ လူခေါ်ပွဲစားတွေက သမတယ်။ တက္ကစီသမားတွေက သမတယ်။ ရန်ပွဲတစ်ပွဲဖြစ်ရင်ဆွမ်းကြီးလောင်း
ကြတာ အများကြီးပဲ”ဟု နိုက်ကလပ်များတွင် လူစောင့်လေ့ရှိသည့် အငှားယာဉ်မောင်းသူတစ်ဦးက ပြောပြ
သည်။

“နိုက်ကလပ်တွေအတွက် သီးသန့်လုံခြုံရေးပေးတာ မရှိဘူး။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးတာက
 ကျောင်းတို့၊ ဈေးတို့လို အများပြည်သူတွေရှိတဲ့ နေရာတွေမှာ လုံခြုံရေးပေးတယ်။ ရဲကိုလာတိုင်ပြီ ဆိုရင်
တော့ ရဲကမေးတယ်။ အခင်းဖြစ်တဲ့နေရာအနီး ပတ်ဝန်းကျင်ကို စုံစမ်းတယ်။ ပြီးရင် သံသယရှိသူပုံကို ပန်းချီ
ဆွဲတယ်။ စခန်းအချင်းချင်း ချိတ်ဆက်ပြီးတော့ လိုက်ရှာတယ်။ လာတိုင်ပြီဆိုရင် ရဲကတော့မပေါ်မချင်းစုံစမ်း
နေရမှာပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“နိုင်ငံတကာမှာလည်း ဒီလိုနိုက်ကလပ်တွေ ရှိနေတာပဲလေ။ သူတို့ ကျောင်းသွားမယ်၊ အလုပ်သွားမယ်။ သူ
တို့ရဲ့ စိတ်ဖိစီးမှုတွေ၊ ဖိအားတွေ ဒီမှာလာပြီး ဖြေလျှော့မယ်၊ ကမယ်၊ ပြီးတော့ ပြန်သွားကြတယ်။ လွတ်လွတ်
လပ်လပ် ပျော်ပါးတာ၊ ဆုံစည်းတာ၊ အပြင်ထွက်ကြတာ ရှိတာပဲ။

ဒါပေမဲ့ ဒီနိုင်ငံမှာရှိနေတဲ့ နိုက်ကလပ်ဆိုတဲ့ဟာက တစ်မျိုးဖြစ်နေတယ်ပေါ့။ အချိန်နဲ့ငွေကို ပေါပေါသုံးနိုင်တဲ့
သူတွေ။ ပြီးတော့ ဒီနေရာမှာ ငွေရှာလို့ရတဲ့သူတွေ။ ဒီလိုမျိုးတွေ လာရောက်ပြီးတော့ စုဝေးတာမျိုး မဖြစ်စေ
ချင်ဘူး”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။

ရောင်စုံဆလိုက်မီးများသည် ပေ ၄၀ x ပေ ၆၀ ခန့် ကျယ်ဝန်းသော အခန်းတွင်း၌ လှည့်ပတ်ကစားလျက် ရှိ
သည်။ ကခုန်ရန် သတ်မှတ်ပေးထားသော နေရာထဲတွင် လူငယ်အမျိုးသား၊ အမျိုးသမီးလေးများ နှစ်ယောက်
တွဲတစ်မျိုး၊ အုပ်စုလိုက်တစ်ဖုံ စည်းချက်ညီညီ လှုပ်ရှားနေကြသည်။ ကပွဲဘေးပတ်ပတ်လည်ရှိ စားပွဲခုံငယ်
လးများတွင် ဈေးမြင့်သည့် အရက်မျိုးစုံကိုယ်စီဖြင့် ထိုင်နေကြသည့် လူငယ်များကို တွေ့ရသည်။ နိုင်ငံခြား
သားတချို့ကလည်း အမျိုးသမီးငယ်တချို့နှင့်တွဲလျက် စကားစမြည်ပြောဆိုရင်း တလှုပ်လှုပ်ဖြစ်နေသည်။

အဆိုပါမြင်ကွင်းသည် အင်းလျားလိတ်ဟိုတယ်အတွင်း ဖွင့်လှစ်ထားသော ဒီဂျေဘားနိုက်ကလပ်၏ အောက်
တိုဘာလ ၅ ရက်နေ့၊ လူစည်ကားချိန် Friday Night ပင် ဖြစ်ပါသည်။ ထိုအချိန်တွင် စင်မြင့်ပေါ်မှ ဒီဂျေပညာ
ရှင်က လတ်တလော ရေပန်းစားနေသည့် ကိုရီးယားနိုင်ငံရှိ လူကုံထံရပ်ကွက်တစ်ခုအကြောင်း သရော်သီဆို
ထားသော တေးသီချင်းကို စဖွင့်လိုက်သည်။

ဒီဂျေဆီမှ ထွက်လာသည့် တေးသီချင်းအား နိုက်ကလပ်အတွင်း ရောက်ရှိနေကြသော လူပေါင်း ၁၀၀ ကျော်
မှ ပြိုင်တူလိုက်ဆိုကြသံက ကလပ်အပြင်သို့တိုင် လျှံထွက်သွားပါသည်။

“အိုပါး..ဂန်းနား.. စတိုင်”။  

7Day News Journal

0 comments:

Post a Comment