Pages

Wednesday, October 3, 2012

အိမ် သို့မဟုတ် နေရာ

လူအယောက် နှစ်ဆယ်ခန့်က ၀ါးကပ် ဝင်းထရံများ ကို ဖြိုလဲနေသည်။ အိမ်ဖျက်ရာတွင် ထွက်လာ သော သစ်သား အမှိုက်တို အမှိုက်စ များလည်း ဟို တစ်စ သည်တစ်စ ပြန့်ကျဲလျက် ရှိသည်။ တဲအိမ်ကို ဖျက်လိုက် သဖြင့် ရလာသော ဝါးထရံများနှင့် မျော တိုင်များ ကို ကလေး လူကြီး အသွယ်သွယ် တို့က နိုင် သလောက် သယ်ယူ နေကြသည်။ အမိုးဖျက်ကာ ချထားသည့် အသစ်စက်စက် သွပ်ရောင်
က နေရောင် အောက်တွင် ဝင်းလက် နေသည်။ မန္တလေးမြို့တော် ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာ ရပ်ကွက် အတွင်း ရှိ မြေကွက်လပ် ပေါ်တွင် တရားမဝင် နေထိုင်သည် ဟုဆိုကာ သတ်မှတ်ရက် အတွင်း ဖယ်မပေးသော တဲများကို ဖျက်နေခြင်း ဖြစ်သည်။

“ကျူးဘ၀ကျူးပဲပြန်ရောက်မယ်” ဟု ဆိုလာ သူမှာ နေထိုင်ရန် အိမ်မရှိသည့် အတွက် မြေကွက် လပ်ပေါ်တွင် တဲထိုးနေသူ အမျိုးသမီး တစ်ဦးက ပန်းကန်ခွက်နှင့် အိပ်ရာများကို သိမ်းထုပ်ပြီး နား နေစဉ် ညည်းညူ နေခြင်း ဖြစ်သည်။
 
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော် မတီ အနေဖြင့် မြို့ကွက်သစ် စနစ်တကျ ဖော်ထုတ်ခဲ့ ပြီး ဖြစ်သဖြင့် အဆိုပါ မြေနေရာများ ပေါ်တွင် နေထိုင် သူများကို ဆက်လက် နေထိုင်ခွင့် ပေးရန်မှာ လုံးဝ မဖြစ် နိုင်သဖြင့် ဖယ်ရှားရခြင်း ဖြစ်ကြောင်း မန္တလေးမြို့ တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။
မြို့ကွက်သစ် ဖော်ထုတ်ရန် အတွက် လွန်ခဲ့ သည့် အနှစ်နှစ်ဆယ်ခန့် ကတည်းက တောင်သူများ ထံမှ လျော်ကြေးပေးကာသိမ်းယူခဲ့သည့် မြေများ ဖြစ် သည့်အပြင် တရားဝင် ပိုင်ဆိုင် ထားသူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။
 
မြေသိမ်းစဉ်က တစ်ဧက ပိုင်ဆိုင်သူ တောင်သူ ကို ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်၊ သုံးဧကနှင့် အထက်ဆိုလျှင် နှစ်ကွက်တွဲများ အဆိုပါ မြေပေါ်တွင် တရားဝင် နာမည်ဖောက်ကာ ပေးအပ် ခဲ့သည့် အပြင် မန္တလေးမြို့ပေါ်တွင် အစိုးရက မြေသိမ်း ခံရသူများ၊ မီးသင့် ခံရသူများနှင့် လုပ်သက် ၂၅ နှစ်နှင့် အထက် ဝန်ထမ်းများကို တရားဝင် ချထားပေးခဲ့ကြောင်းနှင့် ကျန်မြေများပေါ်တွင် လိုအပ် သည့် ဈေး၊ ဆေးရုံ၊ အားကစားကွင်းများ စသည်တို့ကို နေရာ သတ်မှတ် ထားပြီး ဖြစ်ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။
 
အနှစ်နှစ်ဆယ် ကာလအတွင်း အကောင် အထည် မပေါ်ခဲ့သည့် မြို့ကွက်သစ် ဖော်ဆောင် မည့် မြေနေရာတွင် စာချုပ်စာတမ်းများဖြင့် ဝယ်ယူနေ ထိုင် သည့် မိသားစုများ အပြင် မန္တလေးမြို့ တွင် နေထိုင်ရန် နေရာ မရှိသော မိသားစုများကလည်း လွန်ခဲ့သည့် သုံးလခန့် ကတည်းက တဲထိုး၍ လာရောက် နေထိုင်မှုများ ပိုမို များပြားလာသည်ဟု နီးစပ်ရာ ရပ်ကွက် ဒေသခံများက ဆိုသည်။
 
“ဖျက်နေတယ် ဆိုလို့ လာကြည့်တာ၊ အန်တီ က ဇူလိုင်လက မရှိမဲ့ ရှိမဲ့ စုဆောင်းထားတဲ့ ချွေးနှဲစာ လေးနဲ့ ဝယ်ထားတာ၊ နေစရာ မြေကွက်လေးများ ရ မလားလို့ ခုတော့ ငွေဆယ်သိန်း ရှုံးပေါ့”ဟု အသက် ၅၀ အရွယ် ဒေါ်စန်းနွဲ့က ဆိုသည်။
 
“နေစရာ မရှိလို့ ရှိစုမဲ့စုလေးနဲ့ ဝယ်ထားပြီး တဲထိုး နေနေတာ။ ခုတော့ အမေ့ အိမ် ပြန်ခေါ်နေရမှာ ပေါ့။ တော်သေးတယ်။ အမေအိမ် ရှိလို့၊ မရှိတဲ့သူ များဆို တခြားနေရာရှိပြီး တဲထိုး နေရမှာ” ဟု အောင် သာယာ ရပ်ကွက် အတွင်းရှိ တဲဖျက်သိမ်း ခံရသူ၏ မိခင် တစ်ဦးက ပြောဆိုသည်။
 
အဆမတန် မြင့်တက်နေသည့် မြေဈေးများ သည် သာမန် လူတန်းစားတန်းများ လိုက်၍ မမီ သည့်အတွက် အစိုးရ သိမ်းထားသည့် မြေနေရာမှန်း သိသော်လည်း နေရာ တစ်ခုရရန် မျှော်လင့်ချက်ဖြင့် ရှိသမျှ ငွေလေး ခြစ်ခြုတ် ဝယ်ယူမိခြင်း ဖြစ်ကြောင်း ဒေါ်စန်းနွဲ့က ဆိုသည်။
 
၎င်းက ဆက်လက်၍ “မြေရှင်က သိမ်းထားပြီး သားမြေလို့ ပြောတယ်။ ဒါပေမဲ့ အများက ဝယ်နေ တော့ ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ကို အမြတ်ပေး လာဝယ်သူ ရှိတယ်။ နေစရာလေး လိုချင်လို့ကို မရောင်း လိုက်ဘူး” ဟု ပြောဆိုသည်။
 
၁၉၉၁ ခုနှစ် ကတည်းက အစိုးရက သိမ်းယူ ထားသည့် မြေကွက်လပ် ပေါ်တွင် ယင်းသို့ အရောင်း အဝယ် ပြုလုပ်နေသည်ကို စည်ပင်သာယာရေး ကော်မတီက သိရှိသော်လည်း ရောင်းဝယ် နေသူများ ကို မထိခိုက်စေရန် စေတနာဖြင့် အသိပေး၊ သတိ ပေးပြီး အချိန်ပေး ဖယ်ရှားခြင်းများ ဆောင်ရွက် ရာတွင် ယခုကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွား စေခဲ့သဖြင့် စေတနာ အမှား ဖြစ်ခဲ့ကြောင်း မြို့တော်ဝန် ဦးအောင်မောင်းက မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီရှိ အစည်းအဝေး ခန်းမ တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြော ဆိုသည်။
 

“နေစရာ မရှိလို့ မန္တလေးမြို့ထဲမှာ ကျူး အဖြစ် နေနေတာ လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်း ကပါ။ ဒီနေရာ မှာ ကျူးတွေ နေလို့ ရတယ်ကြားလို့ လွန်ခဲ့တဲ့ သုံးလ ကတည်းက မြေကွက်လပ်မှာ တဲထိုး နေခဲ့ တာ” ဟု တစ်ရက်လျှင် သုံးထောင်ကျပ် ရ သည့် အလူမီနီယံ လုပ်သားအဖြစ် လုပ်ကိုင်နေသူ အသက် ၃၃ နှစ် အရွယ် အမျိုးသား တစ်ဦးက ပြောသည်။
အလူမီနီယံ လုပ်သား ဖြစ်သော်လည်း အလုပ် ရှိသည့်နေ့မှ ဝင်ငွေ ရသည့်အတွက် အိမ်ငှားနေရန် အိပ်မက် မမက်နိုင်ဘဲ မိသားစု အတွက် နေ့စဉ် စားရေး သောက်ရေးသာ ဖြေရှင်း နေရသည်ဟု ၎င်းက ဆိုသည်။ 
 
မန္တလေးမြို့ပေါ်တွင် အနယ်နယ် အရပ်ရပ်မှ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ နေထိုင်မှုများ ရှိ လာသည့် အပြင် နေထိုင်ရန် အိမ်ငှားစရိတ် မတတ် နိုင်သူများမှာ မြို့တွင်းရှိ နေရာလွတ်များတွင် ကျူး ကျော်သူ အဖြစ် နေထိုင်ကြရာ ယင်းသို့ နေထိုင်သူ ပေါင်း သိန်းဂဏန်း ကျော်သည် အထိ ရှိနိုင်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေယာ ဌာနမှူး ဦးတင်ထွဋ်ကျော်က ခန့်မှန်း ပြောဆိုသည်။

မန္တလေးမြို့ မြရည်နန္ဒာတွင် တရားမဝင်နေ ထိုင် သူများကို ဖျက်သိမ်း ပြောင်းရွှေ့ရန် နောက်ဆုံး ရက် သတ်မှတ်ပေးပြီး ယင်းရက် ကျော်လွန်သည် အထိ မဖျက်သိမ်းသေးသည့် နေအိမ်များကို မြေကော်စက် များဖြင့် ရှင်းလင်း နေသည့် ကာလအတွင်း ရောက် ရှိလာသော ကိုမိုးသီးဇွန်က “မြန်မာပြည်မှာ အုတ် ရှိတယ်၊ သဲရှိတယ်၊ အဖိုးနည်း အိမ်ရာတွေ ဆောက် ပေးချင်တယ်။ 
 
အများပြည်သူ အိမ်ရာ ( Public Housing) နဲ့ ပတ်သက်လို့ ဘယ်အစိုးရ ကမှ မလုပ် ပေးဖူးဘူး” ဟု မင်းကွန်း ဒေသသို့ သွားရောက် လည်ပတ်စဉ် ဧရာဝတီ မြစ်ကမ်း နံဘေးရှိ မော်တော် ပေါ်၌ ၎င်း၏ အမြင်ကို သတင်းထောက်များ သို့ ပြောကြား သည်။
 
“မန္တလေးမြို့ နှစ် ၃၀ မြို့ပြ အစီအစဉ် (Twon Plan) ထဲမှာ အထပ်မြင့် အဆောက်အအုံတွေ ရေးဆွဲ ထားတယ်။ အဲဒီထဲကနေ တန်ဖိုးနည်း အိမ်ရာ တွေ ပါလာနိုင်တယ်” ဟု ဦးတင်ထွဋ်ကျော်က ၎င်းအမြင်ကို ပြောပြသည်။
 
မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် ဧရာဝတီ မြစ်ကမ်း နံဘေးတွင် ဟိုတယ် စီမံကိန်းကို စီမံ ကိန်း ရေးဆွဲပြီး လာမည့် သုံးနှစ်အတွင်း အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း တံတားဦး စီမံကိန်း ကြီးကြပ်မှု ဥက္ကဋ္ဌ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သန်းက ပြော ကြားသည်။
 
ယခု လက်ရှိတွင် ဟိုတယ် စီမံကိန်းနှင့် ပတ် သက်၍ စိတ်ဝင်စားသူ ပြည်တွင်း ဟိုတယ် လုပ်ငန်း ရှင်ပေါင်း ၃၀ ခန့် လာရောက် လျှောက်ထားမှုရှိ ကြောင်း ၎င်းက ဆိုသည်။
 
အဆိုပါ စီမံကိန်း အတွင်း ပါဝင်သည့် လယ်ယာ မြေများကို လယ်ပိုင်ရှင်များနှင့် ညှိနှိုင်းကာ လျော် ကြေး ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယင်းနောက် အခြေခံ အဆောက်အဦများ တည်ဆောက် ပြီးစီး ပါက နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
 
မန္တလေးတိုင်း ဒေသကြီး ဟိုတယ် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးမြင့်အောင်က “ဟိုတယ်စီမံ ကိန်းမှာ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု လာရင် နည်း ပညာနဲ့ နိုင်ငံခြား ပညာရှင်များရဲ့လုပ်ငန်း အတွေ့ အကြုံ ရနိုင်ပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာလို့ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် တွေ အတွက် ဆိုးကျိုး မရှိပါဘူး” ဟု ပြောဆိုသည်။
 
မြရည်နန္ဒာ ရပ်ကွက် အတွင်းရှိ ဖျက်သိမ်းသွား သော နေရာပေါ်တွင် ကျူးကျော် အဖြစ် နေထိုင်သူ တစ်ဦးက “လက်ရှိတော့ ဒီနားတစ်ဝိုက် လွတ်တဲ့ နေရာ ပြန်ရှာ တဲထိုး နေရဦးမှာပဲ။ အဲဒီနေရာမှာ လက်မခံဘူး ဆိုရင်လည်း တခြားနေရာ ပြန်ရွှေ့ နေထိုင် ရဦးမှာပဲ” ဟုဆိုသည်။

  The Voice Weekly

0 comments:

Post a Comment