Pages

Tuesday, October 2, 2012

အရိုးကို အရွက်မဖုံး စေသင့်ပါ

ယခင်က မြန်မာ မိန်းကလေးတွေ မြန်မာ ဆန်သော ဝတ်စားဆင်ယင်မှု၊ ဆင်ယင်ထုံးဖွဲ့မှု၊ အလှတွင် အယဉ်ဆင့်မှု များကို ပုရိသ
ယာက်ျားတို့ တငေးတမော ကြည့်ခဲ့ရသည်။ မြန်မာ ဆန်သော မြန်မာ မိန်းကလေး များကိုသာ လူမှုရေး မြင်ကွင်းဝယ် လက်ခုပ် သြဘာပေး၍ကောင်းချီးထောပနာပြုခဲ့ကြသည်။ပြဇာတ်ထဲကမိန်းကလေးကဲ့သို့ ထိုင်မသိမ်း အင်္ကျီ၊ ထဘီရှည် ဝတ်ပြီး ခြေတစ်လှမ်း ကုဋေတစ်သန်း ဟန်ဖြင့် လျှောက်လှမ်းရန် မလိုသော်လည်း မြန်မာ မိန်းကလေး တွေမှန်း မြင်ကွင်းမှာ ထင်ရှားသိသာ အောင်တော့ ယဉ်ကျေးစွာ နေတတ်ဖို့၊ ဝတ်စားတတ် ဖို့တော့ လိုပါသည်။
ယခုတော့ .....။
 
အပြောင်း လဲကြီး ပြောင်းကုန်ပါပြီ။ မြန်မာဆိုသော ယဉ်ကျေးမှု ဂုဏ်အင်္ဂါများ၊ အလှ ကျက်သရေများ၊ ကြည့်မဝ ရှုမဝ အလှတွင် အယဉ်ဆင့် စေသော တင့်တယ်မှု များကွယ် ပျောက် ဆိတ်သုဉ်း လုမတတ် ရှိနေပါပြီ။ မလုံ့တလုံ ကျပ်နိုင်မှ အလှဟု ထင်မှတ်မှားစေသောနိုင်ငံရပ်ခြားဆင်ယင်မှုကိုအတုခိုးမှားနေကြပြီးဆင်ခြင်တုံတရားကင်း၍ ရဲတင်းစွာ နေထိုင်ပြုမူ ပြောဆို နေကြ
သည်မှာ အနာဂတ် မြန်မာမျိုး ဆက်သစ် မိန်းကလေး များအတွက် လွန်စွာ ရင်လေးဖွယ်ပင်။
 
တစ်နေ့ပြင်နိုး၊တစ်နေ့ပြောင်းနိုးဖြင့်စောင့်ကြည့်ခဲ့တာလည်း ကြာပါပြီ။ ယခုတော့ သား၊ သမီးအရွယ် တွေပင်မက မြေးများ၊ မြစ်များ အရွယ်တွေကပင်ရိုးရာယဉ်ကျေးမှုကိုသွေဖည်ပြီးခေတ်လွန်ယဉ်ကျေးမှုနောက်လိုက်နေကြပြီကို ရင်လေးဖွယ်ရာ တွေ့မြင် နေရပြီ
 ဖြစ်ပါသည်။
 
ဆယ်ကျော်သက် အရွယ် သမီးငယ်၊ မြေးငယ်များ အရွယ်က တိုင်းတစ်ပါး၏ ဝတ်စား ဆင်ယင်မှုကို ပုံတူရိုက် အတုခိုး ကူးချ လိုက်ကြသည်။ မြန်မာမှု မြန်မာဟန် များကို တိုင်းတစ်ပါး ယဉ်ကျေးမှု တွေက တစ်ဖဲ့ချင်း ဖဲ့ထုတ်တာ ခံလိုက် ကြရသည်။
 
ခန္ဓာကိုယ်က အဝတ်အထည် များကို ပုံစံပြောင်းလဲ ပစ်လိုက် ကြသည်။ ယခင် တို့မိ တို့ဖများ၊ တို့ဘိုး တို့ဘွားများ လက်ထက်က အပြောင်းအလဲ မရှိမဟုတ် ရှိခဲ့ကြ ပါသည်။ အထိုက် အလျောက် ပြောင်းလဲမှု သည် ဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်မို့ အပြစ်မဆိုသာ။ သို့သော် ဓမ္မတာလွန် ခဲ့လျှင်တော့ ဒုက္ခဖြစ်မည် မှာမလွဲ။ မြန်မာ အမျိုးသမီး လေးများ သဘော ပေါက်မည် ထင်ပါသည်။
 
လည်ပင်းဆို ဟိုက်မှ၊ စကပ်ဆို ကွဲမှ၊ ဘောင်းဘီဆို ကျပ်မှ ဆိုသော အမျိုး သမီးလေးများ ကိုယ့်အန္တရာယ်ကို ကိုယ်တိုင် ခေါ်ငင်နေကြောင်း အချိန် မလွန်ခင် သိစေချင်ပါသည်။ မလုံမခြုံ အစွမ်းကုန်ကျပ်၊ အစွမ်းကုန် တိုရင်းဖြင့် အစွမ်းကုန် ဖြစ်ချင်ရာဖြစ် ခဲ့ကြကြောင်း ဖြစ်ရပ်မှန် မှုခင်းများတွင် မမြင်ချင် အဆုံးဖြစ် နေရသည်။
 
ယဉ်ကျေးသော ရိုးရာ အဝတ်အထည် များကို ပြတိုက်ထဲ ထည့်ထားခဲ့ကြပြီး ရေသူမဝတ်စုံ၊ ရေကူး ဝတ်စုံကဲ့သို့ မလုံခြုံသော ဝတ်စုံများကိုမှ အဟုတ်ထင်ကာ အစွမ်းကုန် ထင်တိုင်းကြဲ နိုင်အောင် အချို့ကလည်း အားပေး အားမြှောက် ပြုနေ ကြသည်။ မီဒီယာ များတွင် မြင်တွေ့နေရသည်။ ဒီမိုကရေစီကို အကြောင်းပြပြီး ရောင်တော်ပြန် နှင့် ရောလွှတ် နေကြသည်မှာ ယိုသူမရှက် မြင်သူ ရှက်စရာပင်။
 
ခေတ်မဆန်ရဟု မဆိုလို။ ခေတ်မလွန် စေရန် သတိပေး နေရခြင်းဖြစ်ပါ သည်။ လုပ်ငန်းသဘော၊ ခေတ်အခြေ အနေအရ အမျိုးသားများ နှင့် ရင်ပေါင်တန်း ကာ အမျိုးသမီး များလုပ်ကိုင် နေကြရာ မိမိ၏ ဝတ်စား ဆင်ယင်မှုကြောင့် မလိုလား အပ်သော အန္တရာယ်များကို ဖိတ်ခေါ် သလိုဖြစ်စေ နိုင်ပါသည်။ ကားစီးရင်း၊ ရထားစီးရင်း ပြဿနာ များစွာတို့ မကြာခဏ ပေါ်ပေါက် နေကြောင်း Whistle Campaign က သက်သေခံ နေပါသည်။
 
ကိုရီးယား ဇာတ်လမ်း ရှည်များကို အားကျအတုယူ လာကြခြင်းက ရိုးရာ ယဉ်ကျေးမှု ပျက်စီးစေရန် လမ်းစ ဖြစ်လာသည်။ ၂၁ ရာစု ခေတ်သစ် ကိုလိုနီစနစ် အရ နယ်မြေကို ဝါးမျိုခြင်း မပြုကြတော့ဘဲ ယဉ်ကျေးမှုနှင့် စီးပွားရေး ဈေးကွက်ကို ဝါးမျို လာကြကြောင်း ယနေ့ ကမ္ဘာ့ဈေးကွက် စီးပွားရေး အခြေအနေ များအား လေ့လာ ဆန်းစစ်လျှင် တွေ့မြင်ရ မည်ဖြစ်သည်။
 
 စပါးကျီး မြွေမျို သကဲ့သို့ တဖြည်း ဖြည်းချင်း မြန်မာမှု မြန်မာ ဟန်များ ဝါးမျို ခံရမည်ကို သတိပြု ဆင်ခြင်ကြ စေလိုပါ သည်။
သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ၊ ဆရာ၊ ဆရာမ နှင့် တာဝန်ရှိ သူတွေက ဒီလိုပဲ လက်ပိုက်ကြည့် နေမယ်ဆိုရင်ဖြင့် တိုင်းပြည် အနာဂတ် အရေး မတွေးဝံ့ စရာပင်။
 
အိမ်ထောင်ရေး ဖောက်ပြန်မှုကို အလေးပေး ဇာတ်အိမ်ဖွဲ့သည်ကများသော ကိုရီးယား ဇာတ်လမ်းတွဲ တွေထဲက သူ့မိန်းမ ကိုယ်ယူ၊ ကိုယ့်မိန်းမ သူယူ၊ ဖောက်လဲ ဖောက်ပြန်မှု များကိုအားကျပြီး လူငယ်တွေ အတုယူ မှားလာနိုင် ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုသော ဗြဟ္မာစိုရ် တရားများ အကြောင်း ဘာသာ တရား အဆုံးအမ များသည် ဒဏ္ဍာရီပမာ ဖြစ်လာနေပြီး တန်ဖိုးထား လေးစား ရမည့်အရာ များအဖြစ် သိသူ နည်းလာနေပြီ။
 
အချို့ မြန်မာ မိန်းကလေးတွေ မြန်မာ မှန်းမသိအောင် အကျင့်ပျက် ဖောက်ပြန်ပြီး ငွေနောက် လိုက်၍ ဘဝ အညွန့်တုံး နိုင်ပါသည်။
ကြာလျှင် မြန်မာ အမျိုးသမီး စစ်စစ်ကို အမျိုးသား သမိုင်းပြတိုက် ထဲမှာပဲ မြင်တွေ့ ကြရတော့မည့် အဖြစ်မျိုး မရောက်မီ တားဆီး ပညာပေး သင့်ပါသည်။ အရိုးကို အရွက် မဖုံးစေဖို့ အမျိုးကို အရှက်လုံအောင် ထိန်းကြပါစို့။         
 
 
သဇင်သင်း(မြ၀တီ)

0 comments:

Post a Comment