Pages

Tuesday, July 10, 2012

စဥ့်ကိုင်မြို့နယ် ကျည်ထောက်ပေါက်ကျေးရွာအုပ်စု ရွှေလုပ်ကွက်အင်း(၂၇)ခု ပိတ်သိမ်းခံရ၍ ရွှေတွင်းလုပ်သားတစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်

စဥ့်ကိုင်မြို့နယ် ကျည်ထောက်ပေါက်ကျေးရွာအုပ်စု ငါးပြားပေးကျေးရွာတွင် ရွှေတွင်းကုမ္ပဏီဧရိယာ၌ မပါဝင်သော   ရွှေလုပ်ကွက်အင်း(၂၇)အင်း ပိတ်ခံထားရသဖြင့် ရွှေတွင်း(အင်း)ပိုင်ရှင်များနှင့်  
ရွှေတွင်းလုပ်သား (၁၀၀၀)ကျော်မှာ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

 
  ပိတ်သိမ်းခံရသောအင်းများမှာ လွန်ခဲ့သည့်(၈)နှစ်က စတင်လုပ်ဆောင်ခဲ့သော ရွှေပြည့်ဖြိုးအောင်ကုမ္ပဏီ ဧရိယာတွင် ပါဝင်ကြောင်း ယခုလုပ်ဆောင်နေသော ပြည်သာနိုင်ကုမ္ပဏီမှာ ယခင်လုပ်ကိုင်ခဲ့သည့်
 ရွှေပြည့်ဖြိုးအောင်နေရာအား   လေလံဆွဲလုပ်ကိုင်၍ နစ်နာမှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
 
 ‘’ အခုလုပ်နေတဲ့ ပြည်သာနိုင်ကုမ္ပဏီကလည်း ရွှေပြည့်ဖြိုးအောင်နေရာကိုပဲ လေလံဆွဲတာ ဆိုတော့ ပါတယ်ဆိုပြီး လယ်တွေပေါင်၊ အတိုးတွေယူ ငွေကုန်ခံ အင်းဖောက်ခဲ့တယ်၊ ဒီလိုနဲ့ပြည်သာနိုင်ကုမ္ပဏီ နဲ့အပေးယူတည့်ပြီး လုပ်လာကြတော့ အဆင်ပြေတာပေါ့။ (၁)လပိုင်းက စလုပ်ခဲ့တယ်၊ (၆)လပိုင်း (၂၈)ရက် နေ့မှာ ကုမ္ပဏီနေရာမှာ မပါလို့ဆိုပြီး ပိတ်ခံရတယ်။ 

အခု အလုပ်လုပ်နေတဲ့ အချိန်တို့လို့ တန်းလန်းနဲ့ ပိတ်ခံ ရတော့ ပလက်လန်ကုန်တာပေါ့၊ စားစရာမရှိ အကြွေးပေးစရာ မရှိဖြစ်နေတယ်၊ ကိုယ်တစ်ယောက်တည်း အတွက်တင် မဟုတ်ဘူး အများအတွက်ပါ ခံစားရတယ်’ဟု ရွှေတွင်းပိုင်ရှင် ဦးဝင်းနိုင်ကပြောသည်။
 
လက်ရှိအချိန်တွင် ပိတ်ခံထားရသောအင်းများအား အမှီပြုလုပ်ကိုင်စားသောက်နေသော အင်းလုပ်သား တစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်သွားကြောင်းကိုလည်း  သိရှိရသည်။

ငယ်ငယ်ကတည်းက အင်ဝိုင်းလှည့်တဲ့ အလုပ်လုပ်လာတာ အခုလက်မဲ့ဖြစ်နေပြီ၊ အလုပ်လုပ်ရတုန်း ကမိသားစုလေးယောက်အတွက်အဆင်ပြေတယ် အခုကျောင်းသားတောင် မုန့်ဖိုးမပေးနိုင်တော့ဘူးဟု ရွှေတွင်းအလုပ်သမား ဒေါ်မာမာက ပြောသည်။ 
 
အင်းလုပ်သားများမှာ တစ်ရက်လျှင် ကျပ်(၃၅၀၀)နှုန်းရရှိကြောင်း ရွှေဘိုမှလာရောက်လုပ်ကိုင်သူများ
 ကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

အခုတော့ကြုံရာ အလုပ်လေးတွေ လိုက်လုပ်နေတယ် မထင်မှတ်ပဲ အခုလိုဖြစ်သွားတာပေါ့ ၊ ကိုယ့်လို အလုပ်သမားတွေ အများကြီးပဲ ထောင်နဲ့ချီရှိတယ်၊ ဘာမှမလိုချင်ပါဘူး၊ အမြန်ဆုံးအလုပ်ပြန်ဆင်းခွင့် ရရင် ကျေနပ်ပါတယ်ဟု အလုပ်သမားဦးမြင့်ဦးက ၄င်းတို့၏အတွေ့အကြုံကို ပြောသည်။

ကုမ္ပဏီရွှေလုပ်ကွက်က ကျေးရွာပေါ်တက်၍  ရွာသား(၃)ယောက်က အင်းဖောက်သည်ဆိုသည့် တိုင်စာ ကြောင့် သတ္ထုတွင်းဝန်ကြီးဌာနမှ ကုမ္ပဏီမြေနေရာတိုင်းတာသောအခါ ရွာထဲရှိ ရွှေတွင်း(၂၇)တွင်း လွတ် သွားကြောင်း ငါးပြားပေးကျေးရွာဥက္ကဌထံက သိရသည်။

အင်းပိုင်တွေနဲ့ အလုပ်သမားတွေအတွက် စိတ်မကောင်းပါဘူး၊ တစ်တွင်းတစ်တွင်းမှာ လူဦးရေ (၉၀) (၁၀၀)လောက် အခက်ခဲဖြစ်နေတယ်၊ အင်းပိုင်တွေ ထက်စာရင် အလုပ်သမားတွေက ပိုပြီးဒုက္ခ ရောက်ကြ တယ်၊ ကျွန်တော်ကတော့ ကုမ္ပဏီအသစ်ထပ်လျှောက်မလားဆိုပြီး အင်းပိုင်တွေဆီက ဆန္ဒတွေ တောင်း ထားတယ်။ တစ်ယောက်ကို ၅သိန်း-၁၀သိန်းလောက် စုစပ်ပြီး လေလံဆွဲမယ်ပေါ့ဟု ငါးပြားပေးကျေးရွာ ဥက္ကဌဦးလှဌေးက ပြောသည်။
 
ယခင် ရွှေပြည့်ဖြိုးအောင်ကုမ္ပဏီလက်ထက်တွင် ရွာသားများက ပေါင်းစု၍ လေလံဆွဲခဲ့ကြောင်း ယခုတွင်လည်း ရွာသားအားလုံး စုပေါင်း၍ ကုမ္ပဏီတစ်ကွက်လုပ်ဆောင်သွားရန် ဆန္ဒရှိနေကြောင်းကိုလည်း ငါးပြားပေး ကျေး ရွာမှ ရွာခံများကဆိုသည်။
 
Ref:မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

0 comments:

Post a Comment