Pages

Tuesday, July 10, 2012

အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး

အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ  အတတ်ပညာရှင်၊ အသိပညာရှင်များ  မွေးထုတ်ပေး နေသော မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ များတွင် လက်ရှိကျင့်သုံး အကောင်အထည်ဖော်နေ သည့် ပညာရေး စနစ်နှင့်ပတ် သက်၍ ဆွေးနွေးသွားမည်ဖြစ်ပါသည်။ လက်ရှိစနစ်ကိုကျင့်သုံးခဲ့သည်မှာ ဆယ် စုနှစ် တစ်ခုကျော်ခဲ့ပြီဖြစ်ပါသည်။


အင်ဂျင်နီယာပညာ သင်ကြားလိုသူများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးနောက် ပထမနှစ် AGTI  သင်တန်းကို စတင်တက်ရောက်ရသည်။ တက်ရောက်လိုသည့် Major ကို တက္ကသိုလ်၌ သတင်း ပို့မှတ်ပုံတင်ချိန် တွင်အဆိုပြုစေပြီး ရမှတ်နှင့် လက်ခံနိုင်သောဦးရေတို့ကိုအခြေခံ၍ ရွေးချယ် တက် ရောက်စေသည်။ ဒုတိယနှစ် AGTI  သင်တန်းအောင်မြင်ချိန်တွင် AGTI ဒီပလိုမာရရှိသည်။ အဆင့်မီ သည်ဟု သတ်မှတ်ခံရသူများသည် ပထမနှစ် B.Tech  သင်တန်းသို့ ဆက်လက် တက်ရောက ခွင့်ရှိပါ သည်။


ဒုတိယနှစ် B.Tech  အောင်မြင်ချိန်တွင် B.Tech (နည်းပညာ ဘွဲ့)ရရှိပြီး အဆင့်မီ သည်ဟု သတ်မှတ် ခံရသူများသည် B.E တန်းဆက်လက်တက်ရောက်ခွင့်ရှိပါသည်။ လက်ရှိ စနစ်မှာ B.E  ဘွဲ့ရရှိရန်အတွက် (ယခင်ကကဲ့သို့ တိုက်ရိုက်တက်ရောက်နိုင်ရန် ဖွင့်လှစ် ထားသော နည်းပညာ  တက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှလွဲ၍ အဆင့်သုံး ဆင့်ကျော်ဖြတ်ရသော လှေကားထစ် စနစ်ဖြစ်သည်။

မူလကျင့်သုံးနေသော AGTI နှင့် B.E သီးသန့်တစ်ပိုင်းစီခွဲခြားထားပြီး အလွန်တော်သူ အနည်းငယ် အတွက် B.E ပေါင်းကူးဖွင့်ပေးထား သည့် စနစ် နေရာတွင်  အစားထိုးကျင့်သုံးခဲ့ခြင်းဖြစ်သည်။ သင်ကြားရေး ဌာနအရေ အတွက် ကိုလည်း မူလက ရန်ကုန်နှင့် မန္တလေးရှိ  တက္ကသိုလ်နှစ်ခုမှ နည်းပညာ တက္ကသိုလ် ၃ဝကျော်  အထိတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ကိုလည်း အဆ ပေါင်း များစွာ တိုးမြှင့်လက်ခံခဲ့ပါသည်။

စနစ်သစ်ကိုတီထွင်ကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်၍ ယင်းစနစ်အားသာချက်၊ အားနည်း ချက်များကို ယခုအခါ ထင်ရှားစွာတွေ့မြင် နေရပြီဖြစ်ပါသည်။ 

စနစ်သစ်တီထွင်စဉ်က ပိုကောင်း စေလိုသော  စေတနာဖြင့် လုပ်ခဲ့ကြခြင်းဖြစ်သည်မှာ သံသယ  ရှိရန်မလိုသော်လည်း ပညာရေး စနစ် ကိုယ်တိုင် က အားနည်းရှုပ်ထွေးခြင်း၊ လက်တွေ့  အစီအစဉ်ရေးဆွဲ   အကောင်အထည်ဖော်ရာ တွင် စနစ်ကျနမှုအား နည်းခြင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုပြည့်စုံသူများမလုံ လောက်ခြင်း၊ ကျောင်း သား၊ ကျောင်းသူဦးရေများ  လွန်းခြင်း၊ စာသင်ခန်း၊ ဓာတ်ခွဲ ခန်း၊ လက်တွေ့ခန်း၊ စာကြည့် တိုက်၊ သင်ထောက်ကူ ပစ္စည်း၊ စာအုပ်စာတမ်း အစရှိသည်များ လုံလောက်ပြည့်စုံ မှုမရှိခြင်း၊ သင်ရိုးညွှန်း  တမ်းများ အားနည်းချက် ရှိခြင်းများကြောင့် အင်ဂျင်နီယာ ကျောင်းဆင်းများ ၏အရည် အသွေး မှာ ဝေဖန် မှုမျိုးစုံနှင့် ရင်ဆိုင်ရသော  အနေအထားသို့ရောက်ရှိလာခဲ့ပါသည်။
အဓိကပြဿနာမှာ လက်ရှိလှေကားထစ်စနစ်အတွက် ပြင်ဆင်ရေးဆွဲထား သော သင်ရိုးညွှန်း တမ်းဖြစ်သည်။ လက်တွေ့ကျွမ်းကျင်မှုကို ဦးစားပေးရမည့် Technician  မွေးထုတ်ရန် AGTI သင်တန်း များနှင့် အဆင့်မြင့်နည်းပညာများကို နက်နက်နဲနဲသင်ယူပြီး အသေးစိတ် တွက်ချက် စီမံဆောင်ရွက် မည့် Engineering Scientist များမွေးထုတ်ရန် သင်တန်းများကို တစ်ဆက်တစ်စပ်တည်း တက်ရောက် နိုင်ရန် သင်ရိုးညွှန်းတမ်းရေး ဆွဲရသည်မှာ အပြောလွယ် သလောက် အကောင် အထည်ဖော်ရန်  ခက်ခဲလှသော  အလုပ်ဖြစ်သည်။

ထို့ပြင် ၎င်းအဆင့်နှစ်ဆင့် ကြားတွင် B.Tech တစ်ဆင့်တိုးလာရာ ''ဘွဲ့ရချင်းအတူတူ B.Tech နှင့် B.E ဘာကွာ သလဲ'' ဆိုသော မေးခွန်း မေးစရာဖြစ်လာခဲ့ပြီး လုပ်ငန်းတွင် နေရာပေးရန် လည်း ရှုပ်ထွေး မှုများရှိလာစေခဲ့ပါသည်။

သင်ရိုးညွှန်းတမ်း ဆွဲသူများအဖို့ ဒီပလိုမာ နှင့်ဘွဲ့တစ်ဆင့်ချင်းတွင် ကျောင်းထွက်၍ လုပ်ငန်းခွင်ဝင်မည့် သူများ လုံလောက်သော တတ်ကျွမ်းမှုရရန် လိုအပ်သောသင်ကြားပို့ချမှုများ ပြင်ဆင်ပေးရသလို အဆင့်မီ၍ နောက်တစ်ဆင့်  တက်မည့်သူများအတွက် သင်ခန်းစာများ အချိတ် အဆက်မပြတ်စေရန် လည်း ပြင်ဆင်ပေး ရသည်။

ပုံမှန်သင်ရိုးညွှန်းတမ်းကိုပင် ကျွမ်းကျင်၍ အတွေ့အကြုံရှိသူများက လုံလောက်သော အချိန်ယူ၍ စနစ်တကျ စီမံနေသည်ဖြစ်ရာ မည်သည့်နိုင်ငံတွင်မှမရှိသော လက်ရှိစနစ်အတွက် အတွေ့ အကြုံကျွမ်းကျင်မှု အသင့်အတင့် သာရှိသူများမှ အချိန်တိုအတွင်း ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းမှာ ဟာကွက်ပျော့ကွက်များပြည့်နေခြင်းကို ထူးဆန်းသည်ဟု ယူဆရန် မလိုပါ။ ဤကဲ့သို့ လှေကားထစ်ပညာရေးစနစ်မျိုးသာသုံးစွဲရန် သင့် တော်မည်ဆိုပါက နိုင်ငံတကာတွင် အများကလက်ခံသုံးစွဲနေမည် သာဖြစ်သည်။

နိုင်ငံတကာအသိအမှတ်ပြုမှု အလွန် အရေးကြီး သော ပညာရေးကိစ္စများတွင် အများလက်ခံကျင့်သုံးသောစနစ်ကိုသာ သုံးစွဲသင့်ပါသည်။ စနစ်သစ် တစ်ခုတီထွင် သုံးစွဲသောကိစ္စမှာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်စနိုင်ငံအတွက် နိုင်ငံတကာ အသိ အမှတ်ပြုမှုရရှိရေးဆောင်ရွက်ရန် ခက်ခဲမည်ဖြစ်ပါသည်။
ယခုတွေ့ကြုံနေရသော အင်ဂျင်နီယာပညာရေး အဆင့်အတန်းနိမ့်ကျနေ မှုပြဿနာကိုဖြေရှင်းရန် ကြိုးစားအား ထုတ်ချိန်တွင် နိုင်ငံတကာက လက်ခံကျင့်သုံး နေသောပညာရေးစနစ်ကိုသုံးစွဲခြင်းဖြင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မမျှော် လင့်ဘဲ ရင်ဆိုင်ခဲ့ရသောပြဿနာများ အလိုလိုပပျောက်သွား မည်ဟု ယူဆနိုင်ပါ သည်။

 မြန်မာနိုင်ငံတွင်လည်း မူလကအသား ကျခဲ့သော၊ အောင်မြင်ခဲ့သော၊ အသုံးတည့်ခဲ့သော အင်ဂျင်နီယာ  ပညာရေးစနစ်မှာလည်း နိုင်ငံတကာတွင် အများက သုံးစွဲနေခဲ့သော စနစ်ကိုသာ မိမိအခြေအနေနှင့် ကိုက်ညီရန်မွမ်းမံသုံးစွဲခြင်းဖြစ်ပါ သည်။ သို့ဖြစ်၍လည်း တစ်ချိန်က မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေးစနစ်မှာ လည်း နိုင်ငံတကာတွင် အများကသုံး စွဲနေခဲ့သော စနစ်ကိုသာ မိမိအခြေအနေနှင့် ကိုက်ညီ၍ မွမ်းမံသုံးစွဲခြင်းဖြစ်ပါသည်။ 

သို့ဖြစ်၍လည်း တစ်ချိန်က မြန်မာ အင်ဂျင် နီယာပညာရေးအဆင့်မှာ နိမ့်ကျသည် ဝေဖန်ခံရခြင်းမရှိခဲ့ကြောင်း အများသိပြီး ဖြစ်ပါ သည်။ယခုပြုပြင်မွမ်းမံ လိုသောအချိန်တွင် ထိုနမူနာအတွေ့အကြုံကို အခြေခံ၍ ပြန်လည်ကျင့် သုံးခြင်းသာ ဖြေရှင်းမှု  ပုံစံအမှန်ဖြစ်ပါလိမ့်မည်။ AGTI သင်တန်းများ သီးသန့်ဖွင့်လှစ်ခြင်း၊ B.Tech  ဘွဲ့ပေးရန် လို မလိုဆန်းစစ်ပြီး လို အပ်ပါကလည်း ၎င်းဘွဲ့အတွက် အဆင့်အတန်းစနစ်တကျ တိကျစွာ သတ်မှတ် သင်ကြားပေးခြင်း၊ မူလကျင့်သုံးသောစနစ်အတိုင်း အလွန်တော်သူများ အတွက် သာ ပေါင်းကူး ခွင့်ဖန်တီးပေးထားခြင်းများ ပြုလုပ်သင့်ပါသည်။ 

 ပေါင်းကူးစနစ် ကျင့်သုံးရာတွင် သတိထား ရမည့်အချက်မှာ သဘာဝ အဆင့်အတန်းမတူညီသော ဒီပလိုမာနှင့် ဘွဲ့အသီးသီးကို ပြောင်းလဲ သင်ကြားရာတွင် အဆင်ပြေချောမွေ့စွာ ကူးပြောင်းသင်ကြားနိုင်သော  အဆင့်အသီးသီးကိုသာ ပေါင်းကူး ခွင့်ပေး ရန်ဖြစ်ပါ သည်။ AGTI နှင့် B.Tech  သင်တန်းအသီးသီးမှာ လက်တွေ့အသုံးချမှုဦးစား ပေးသင်တန်း များဖြစ်ပါသည်။

ဒီပလိုမာရရှိသူများအနေဖြင့် လက်တွေ့ဦးစားပေး စနစ်တွင် သုံးနှစ်သင်ကြားပြီး ချိန်၌ အဆင့်မြင့်  နည်းပညာတီထွင်ဆန်းသစ်မှု ဦးစားပေးစနစ်ဖြစ်သည့် ဘွဲ့ရယူရန် အတွက် Orientation Course တစ်နှစ် သင်ကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းပြီးမှ B.E သင်တန်းများ ဆက်လက် တက်ရောက်ရပါသည်။

 ခြောက်နှစ် တိုက်ရိုက်တက် ရသော B.E ဘွဲ့အတွက် AGTI  ဒီပလိုမာသုံးနှစ်အောင်မြင်ပြီး  သူများသည် B.E  ဘွဲ့ရရန် လေးနှစ် ထပ်မံတက်ရပါသည်။ B.Tech ကဲ့သို့သောဘွဲ့ရများ မှာ လေးနှစ် သို့မဟုတ် ငါးနှစ်တောက်လျှောက် လက်တွေ့ဦးစားပေး စနစ်တွင် အသားကျနေပြီးဖြစ်၍ B.E  ဘွဲ့ကဲ့သို့ စာတွေ့အဆင့်မြင့်  နည်းပညာဦးစား ပေးစနစ်ကို ကူးပြောင်းသင်ကြား ရန်မဖြစ်နိုင်ပါ။ 

တက္ကသိုလ်၊ ကောလိပ်များ  အရေအတွက်များပြား လွန်း၍ ပြည့်စုံအောင် ထောက်ပံ့ပေးနိုင်မှုမရှိခြင်းပြဿနာအတွက် ရန်ကုန်နှင့်မန္တလေးရှိ မူလကျောင်းကြီး နှစ်ကျောင်း (ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်း ပညာတက္ကသိုလ်)တို့ကို ဦးစွာ အာရုံစိုက်ဖြည့်ဆည်း မြှင့်တင် အရည်အသွေးပြည့်မီ စေခြင်းမှာ လက်တွေ့အကျဆုံး ဖြစ်မည်ဟုယူ ဆပါသည်။

 ကျန်ကျောင်းများကိုလည်း လက်ရှိစနစ်ဖြင့်တက်နေသာ ကျောင်းသား၊ ကျောင်းသူများ တတ်နိုင် သမျှအရည် အသွေး  မီရန်ပံ့ပိုးပေးရန်လိုအပ်ပါသည်။ ပညာရေးစနစ်ကိုမူ စောနိုင်သမျှ ဆော လျင်စွာပြောင်း လဲပေးပြီး AGTI နှင့် B.Tech ကဲ့သို့ Technician သင်တန်း သင်ကျောင်းသတ်သတ်၊ B.E ကဲ့သို့ အဆင့်မြင့်  အင်ဂျင်နီယာဘွဲ့  သင်တန်းကျောင်း သတ်သတ်ခွဲခြားလိုက်ခြင်းဖြင့် ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးရန် အဆင်ပြေစေမည်ဟု ယူဆပါသည်။ ကျောင်းအားလုံး တွင် ဒီပလိုမာနှင့်ဘွဲ့   အဆင့်အားလုံးအတွက် လိုအပ်သမျှပြည့်စုံစေရန်ကိစ္စမှာ လက်ရှိ တိုင်းပြည်၏ အနေအထားအရ လက်တွေ့ ကျမည်မဟုတ်ပါ။ 

AGTI ဒီပလိုမာရ သူများကို အရေအတွက်များများ ထုတ်ပေးရန်၊ B.Tech ဘွဲ့ပေးရမည်ဆိုပါက လည်း သင့်တင့်သော အရေအတွက်ထုတ်ပေး ရန်နှင့် စီမံခန့်ခွဲမှုနှင့် သုတေသန အတွက် အနည်းစုသာလိုအပ်သော  B.E ဘွဲ့ရများကို လိုအပ်သလောက်အရေ အတွက်ထိန်းချုပ်၍ ထုတ်ပေးရန်စီစဉ်သင့်ပါသည်။ တိုင်းပြည် အတွက် သင့်တော် သော ဒီပလိုမာနှင့်  ဘွဲ့အသီးသီး၏အရေအတွက်အချိုးအစားကို ပညာရှင်များ ဆွေးနွေး  ဆုံးဖြတ်  သတ်မှတ်ကြရန်ဖြစ်ပါသည်။

 ထိုသို့စီမံလိုက်ခြင်းဖြင့် ပံ့ပိုးရန်လို အပ်သော ဆရာ၊ ဆရာမ၊ အဆောက်အအုံ သင်ထောက်ကူ  ပစ္စည်းများကို လို အပ်သည့်နေရာတွင် လိုအပ်သလို ထိရောက် အကျိုးရှိစွာ နေရာချပံ့ပိုးနိုင်မည် ဖြစ်သည်။ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အကျိုးရှိစွာ အသုံး ချနိုင်ရန် အထူးအရေးကြီးပါသည်။
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ဉာဏ်မီ သမျှတင်ပြခြင်း ဖြစ်ပါသည်။

တတ်သိနားလည်သူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပေးရေးသားခြင်းဖြင့် တိုင်းပြည်အတွက် နောင်လာ မည့် မျိုးဆက်သစ်အတွက် ကောင်းကျိုး ရှိစေရန် ဆောင်ရွက်ကြစေ  လိုပါသည်။


ဆောင်းပါးရှင် ဇင်ယော် ၏  [---အင်ဂျင်နီယာ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး---]
Ref: Yangon Media :

0 comments:

Post a Comment