Pages

Tuesday, July 10, 2012

လွှတ်တော်တက်ရောက်ခြင်းသည် အတိုက်အခံ ပြုလုပ်ရန်၊ ရန်ဖြစ်ရန်အတွက် မဟုတ် ဒီမိုကရေစီနိုင်ငံ ပီပြင်စွာဖြစ်ပေါ်လာရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Photo: ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်လာစဉ်


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးသို့ ဇူလိုင်လ ၉ရက်နေ့တွင် စတင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၄ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်သို့ နံနက် ၉နာရီ ၄၅မိနစ် ၀န်းကျင်အချိန်တွင် ရောက်ရှိခဲ့ပြီး လွှတ်တော် ထိုင်ခုံအမှတ် G22 တွင် ထိုင်ကာ အစည်းအဝေး တက်ရောက်ခဲ့သည်။

နံနက်ပိုင်း လွှတ်တော် အစည်းအဝေး ထမင်းစား ခေတ္တရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး နှုန်းခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် သတင်းထောက်များမှ 'လွှတ်တော်သို့ ဘာအဆိုများ တင်သွင်းသွားဖို့ရှိပါသလဲ'ဟု မေးမြန်းရာ 'အဲဒါတော့ ပြောလို့မရသေးဘူး။ ဒါက အမေတို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆုံးဖြတ်ပြီးမှ ပြောရမှာပေါ့' ဟု ပြန်လည်ဖြေကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူကာ ပါတီ၏ လွှတ်တော်ဆိုင်ရာမူဝါဒများကို ဦးဆောင်လမ်းညွန်ပေးမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါလီမန် ပါတီ ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ''ကိစ္စတစ်ခု၊ issue တစ်ခုမှာ ပါတီအနေနဲ့ ဘယ်လိုရပ်မလဲဆိုတာ ဘုံသဘော တစ်ခုရအောင် ညှိမယ့်အဖွဲ့ပေါ့။ ကိုယ့်ဘာသာကိုယ် လွှတ်လပ်စွာ စဉ်းစား နိုင်တယ်။ ဒါပေမယ့် ပါတီအနေနဲ့ ပါတီ stand ကိုနားလည်အောင် ပြောရမယ်။ 

ပါတီကတော့ ဒီကိစ္စမှာ ဒီလို သဘောထားတယ်။ အဲဒါကို ရှင်းပြဖို့ အဲဒီ ပါတီကော်မတီဆိုတာဖွဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ ဖြစ်တယ်။အဖွဲ့ဝင်အားလုံးပေါင်း ၇ ယောက်ပါတယ်။ အားလုံးအမတ်တွေ ချည်းပဲ။ ဆိုလိုတာက NLD ပါတီကြီးကနေ ကိုယ့်ပါတီအမတ် တွေကို နိုင်ငံရေးအရ ဦးဆောင်မှုပေးဖို့ တာဝန်ပေးတဲ့အဖွဲ့ဖြစ်ပါတယ်။ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဆိုတာရှိတယ်။အဲဒါက တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီဝင်တွေကို လမ်းညွန်ပေတဲ့ အဖွဲ့၊ ထိုအတူပဲ ဒါကတော့ အခြားနိုင်ငံတွေမှာ လည်းရှိတယ်''ဟု ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် အစည်းအဝေးများ ညနေ ၄နာရီဝန်းကျင်တွင် ပြီးဆုံးပြီးနောက် ည၇နာရီကျော်အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါလီမန်တွင်း ပါတီကော်မတီအစည်းအဝေးကို ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါလီမန်တွင်း ပါတီကော်မတီ အဖွဲ့ဝင် ဦးအုန်ကြိုင်အား မေးမြန်းခဲ့ရာ ''အခုပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် အစည်းအဝေး လာတက်နေတဲ့ လွှတ်တော်အမတ် အားလုံးပေါင်း ၄၄ဦစလုံးနဲ့ တွေ့တာပါ။

 အဲဒီမှာ ဥက္ကဌ ပြောခဲ့တဲ့အထဲက ထူးခြားတာကတော့ လွှတ်တော်မှာ မေးခွန်းတွေ မေးကြတာတွေ ရှိကြမယ်။ အဆိုတင်တာတွေလည်း ရှိမယ်။ပြီးတော့ လွှတ်တော်မှာ တင်ထားတဲ့ အဆိုတွေကို ဆွေးနွေး ပြောဆိုတာတွေလည်း ရှိမယ်။ အဲဒါနဲ့ပတ်သက်လို့ ထားရမယ့် သဘောထားကို သူပြောတာက ငါတို့လာတာဟာ အတိုက်အခံလုပ်ဖို့ မဟုတ်ဘူး။ ရန်ဖြစ်ဖို့လည်း မဟုတ်ဘူး။ အတူတူ ပူးပေါင်းဆောင်ရွက်ပြီးတော့ ရှိတဲ့ အင်အားစုတွေနဲ့ လွှတ်တော်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေ အခြားနိုင်ငံရေးပါတီက အင်အားစုတွေနဲ့ အတူ နားလည်စွာ ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဖြစ်လာအောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လာ တာဖြစ်တယ်။ 

အဲလိုသဘောထားနဲ့ ဆွေးနွေးတဲ့နေရာမှာ မေးတဲ့နေရာမှာ အဲဒီလိုလုပ်ကြပါတဲ့။ ဒီနေရာမှာ စကားလုံး အသုံးအနှုန်းက အစ ဥပဒေနဲ့အညီ လွှတ်တော်ဥပဒေ၊ နည်းဥပဒေနဲ့ အညီဖြစ်ဖို့လည်း လိုအပ်တယ်။ဘယ်သူဘဲ အဆိုတင်ချင်တင်ချင်ပေါ့။ ကန့်သတ်ချင်လို့ မဟုတ်ဘူးတဲ့။ ပါလီမန်တွင်း ပါတီကော်မတီကို ကြိုပြီးတော့ ပွင့်ပွင့်လင်းလင်း တင်ကြပါ။ အချင်းချင်း ညှိနှိုင်းကြပါ။ ဥပမာ အယူအဆခြင်း တူနေတယ်။ တင်ဖို့ အချက်အလက်ချင်း ဆင်တူယိုးမှား ဖြစ်နေတယ်ဆိုရင် ပူးပေါင်းပြီး အချိန်လည်း သက်သာအောင် လုပ်ကြရအောင်ပါ။ 

လွှတ်တော်မှာလည်း တစ်ခြားတစ်ခြား အရေးကြီးတဲ့ လုပ်ငန်းတွေရှိတဲ့အတွက် အချိန် သက်သာအောင်လို့ပါတဲ့။ အဲဒါတွေ ဆွေးနွေးကြပါတယ်။ သူက သင့်တင့်လျောက်ပတ်တဲ့ အကြံဥာဏ်တွေ ပေးတယ်။ အားလုံးဝိုင်းဝန်းပြီး ဆွေးနွေးကြပါတယ်''ဟု ပြန်လည် ပြောကြားခဲ့သည်။

Ref: Eleven Media Group:

0 comments:

Post a Comment