Pages

Tuesday, July 10, 2012

လူမှုဖူလုံရေးစရိတ်မပေးလိုသော လုပ်ငန်းရှင်များအား တရားစွဲမည်ဟု လူမှုဖူလုံရေး ဥက္ကဌ သတိပေး

လူမှုဖူလုံရေးဥပဒေအသစ်ပြဋ္ဌာန်းပြီးစီးပါက လူမှုဖူလုံရေးစရိတ်မပေးသွင်းသည့် လုပ်ငန်းရှင်များအား တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေး ဥက္ကဌက ဆိုသည်။

 
 
ဥပဒေသစ်တွင် အထွေထွေအာမခံစနစ်အား ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်ဟု အမည် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်းနှင့် မမာမကျန်းသူများအတွက် အခမဲ့ဆေးကုခွင့်အပါအ၀င်   ငွေကြေးခံစားခွင့်တွင် နေ့တွက်စရိတ် ခံစားနိုင်မည်ဖြစ်ကြောင်း  သိရှိရသည်။
 
 
ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်များမီးဖွားလျှင် မီးဖွားခွင့် စရိတ်ထုတ်ပေးမည်ပြီး မနာကျန်း၍ သေဆုံးပါက အသုဘ စရိတ်ပါ ထုတ်ယူခံစားခွင့်တို့ ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
 
 
အဆိုပါ ခံစားခွင့်များသည် ဥပဒေသစ်တွင်ပါ  ပါဝင်ရေးဆွဲထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေး ဥက္ကဌ ဦးယုလွင်အောင်က ပြောသည်။
 
 
ယခင်ဥပဒေဟောင်းတွင် မမာမကျန်း အကျိုးခံစားခွင့်သည် လစာ၏ (၆၆.၆၆) ရာခိုင်နှုန်းပေးမည်ဟု ရေးဆွဲထားသော်လည်း ဥပဒေသစ်တွင် (၇၀) ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း သိရှိရသည်။
 
 
 “နောက်ထူးလာတာက မီးဖွားစရိတ် အရင်တုန်းက မီးဖွားမှုအကျိုးခံစားခွင့်ပဲပေးတယ် အခုမီးဖွား စရိတ်ပါ ပေးတယ် မီးတစ်ခါဖွားရင် အလုံးအရင်းလိုက် လစာရဲ့ ၅၀ ရာခိုင်နှုန်းပေးမယ်”ဟု လူမှုဖူလုံရေး ဥက္ကဌ ဦးယုလွင်အောင်ကပြောသည်။
 
 
အမွှာပူးမွေးပါက အာမခံကြေးအား (၇၅)ရာခိုင်နှုန်းပေးမည်ဖြစ်ပြီး သုံးမွှာအထက် မွေးလျှင်မူ (၁၀၀) ရာခိုင်နှုန်းအပြည့် အာမခံကြေးရရှိမည်ဖြစ်ကာ အာမခံအလုပ်သမား၏ ဇနီးမီးဖွားပါက အဆိုပါ အာမခံ အလုပ်သမားအား မီးနေဆောင်ခွင့် (၁၅) ရက်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 
ဥပဒေဟောင်းတွင် လူမှုဖူလုံရေးစရိတ်ပေးသွင်းထားသော အလုပ်သမားတစ်ဦးသည် အသုဘစရိတ်ပုံသေ   လေးသောင်းသာရ၍  ဥပဒေသစ်တွင် လစာ၏ ၂ဆ မှ ၅ဆ အထိ ပေးရမည် ဖြစ်သည်။
 
 
လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုအတွက် ဥပဒေဟောင်းတွင် အလုပ်ရှင်ထံ ၁ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ သော်လည်း ဥပဒေသစ်၌လည်း ၄င်းအတိုင်းသာ ပေးရမည်ဖြစ်သည်။
 
 
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် သေဆုံးပါက ယခင်ဥပဒေဟောင်းတွင် ငွေကျပ်နှစ်သောင်းဝန်းကျင် ခန့်ရရှိပြီး အဆိုပါခံစားခွင့်သည် မိန်းမတစ်ယောက်နှင့် ကလေးသုံးယောက်ရှိမှ ရရှိနိုင်မည်ဖြစ်သည်။
 
အခုဥပဒေသစ်မှာက လစာရဲ့အဆ နှစ်ဆယ်ပေးမယ်။ဟု လူမှုဖူလုံရေးဥက္ကဌ ဦးယုလွင်အောင်က ပြောသည်။
 
 
အဆိုပါ အကျိုးခံစားခွင့်ကို ခံစားလိုပါက အလုပ်ရှင်ကလစာ၏ ၃ ရာခိုင်နှုန်း အလုပ်သမားက ၃ ရာခိုင်နှုန်း ပေးသွင်း ရမည် ဖြစ်ကြောင်း သိရှိရသည်။
 
 
 “ကိုယ့်ရဲ့အကျိုးခံစားခွင့်အတွက် ပေးသွင်းရတာဆိုတော့ ကောင်းပါတယ်။ ကျမတို့ကတော့ ဒီလို စနစ်တွေကို ကြိုက်တယ်။ ဒါမှမဟုတ်ရင် အလုပ်သမားကို အလုပ်ရှင်တွေက ခိုင်းတော့ခိုင်းပြီး ခံစားခွင့်တော့ မပေးချင်ဘူး ဖြစ်နေတယ်။ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မဖြူနှင်းလွင်က ပြောသည်။
 

ဝန်ထမ်းများအနေဖြင့် လစာ၏  ၃ ရာခိုင်နှုန်းအား အာမခံကြေးအဖြစ် ပေးသွင်း၍ အကျိုးခံစားခွင့်များ ရရှိမည် ဆိုပါက ပေးသွင်းကြ မည်ဖြစ်ကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

Ref: မြစ်မခသတင်းမီဒီယာ
 

0 comments:

Post a Comment