Pages

Saturday, July 14, 2012

သရုပ်ဆောင် အကယ်ဒမီဒွေး ကွယ်လွန်ခြင်း ငါးနှစ်ပြည့်ခဲ့ပြီ . . .

e5152


ပရိသတ်များ၏ ရင်ထဲတွင်ယနေ့တိုင် ရှိနေဆဲပင်ဖြစ်သည့် သရုပ်ဆောင် အကယ်ဒမီဒွေး ကွယ်လွန်ခဲ့သည်မှာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ငါးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။


 သရုပ်ဆောင်ဒွေးသည် ၂၀၀၇ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့တွင် ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ နေအိမ်တွင် အိပ်ပျော်နေစဉ် နှလုံးသွေးရပ်၍ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး အနုပညာ လုပ်ငန်းများစွာ လုပ်ဆောင်လက်စ အနေအထားဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။


သရုပ်ဆောင်ဒွေး ကွယ်လွန်ခဲ့သည်မှာ ငါးနှစ်ပြည့်မြောက်ခဲ့ပြီး နောက်ဒွေး၏ညီဖြစ်သူ သားညီက “ငါးနှစ်ရှိခဲ့ပြီဆိုပေမယ့် မနေ့ကလိုပါပဲ။ ကျွန်တော့်စိတ်ထဲမှာ မနေ့ကလိုပဲ ခံစားနေရတုန်းပဲ။ အစ်ကို့အတွက် ကျွန်တော်တို့အိမ်နားက ဘုန်းကြီးကျောင်းမှာ ကျောင်းရှိသံဃာကုန်ကို နေ့ဆွမ်း နဲ့လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်လှူဒါန်း ဖြစ်ပါတယ်။ 

အစ်ကိုနဲ့ကျွန်တော်တို့ လုပ်လက်စ၊ တိုင်ပင်လက်စအနုပညာ အလုပ်တွေကတော့ အများကြီးပါပဲ။ အခုချိန်ထိအောင်လည်း အကောင်အထည် မပေါ်သေးတာတွေ အများကြီး ကျန်နေပါသေးတယ်။ ယုံကြည်တာကတော့ အစ်ကို့အနုပညာက ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး” ဟု ပြောပြခဲ့သည်။

ထို့အပြင် ဒွေး၏မန်နေဂျာတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လက်တွဲ ဆောင်ရွက်ခဲ့သူ ကိုစတီးလ်ကလည်း “အစ်ကိုနဲ့ပတ်သက်လို့ အမှတ်တရတွေကတော့ အများကြီးပါပဲ။ အခုချိန်မှာ အမှတ်တရအနေနဲ့ ပြောချင်တာကတော့ ချင်းတောင်တန်းမှာ ဇာတ်ကားသွားရိုက်တုန်းက အစ်ကို ပြောခဲ့ဖူးတာလေးပါ။ လုပ်နိုင်တာ ကို အကောင်းဆုံးသာလုပ်၊ ဖြစ်လာမယ့် အကျိုးကိုမမျှော်လင့်နဲ့။ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ ကောင်းကျိုးက သူ့ဘာသာ ပြန်လာလိမ့်မယ်ဆိုတဲ့ စကားလေးပါ။ 

အဲဒီစကားအတိုင်းပဲ အခုချိန်မှာ ကျင့်သုံးဖြစ်နေပါတယ်။ အစ်ကို့ငါးနှစ်ပြည့် အနေနဲ့ကတော့ သာကေတက ဘုန်းကြီးကျောင်းမှာ သင်္ကန်းငါးစုံ သွားလှူမယ်။ ဘုန်းကြီးငါးပါးအတွက် ဒံပေါက်ဆွမ်း သွားလှူဖြစ်ပါမယ်”ဟု ပြောပြခဲ့သည်။
သရုပ်ဆောင် အကယ်ဒမီဒွေးနှင့် ပတ်သက်၍ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ကလည်း “အနုပညာ လောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ။ အနုပညာကို တကယ်ချစ်တဲ့သူ၊ အနုပညာအလုပ်ကို တကယ် တန်ဖိုးထားတဲ့သူ၊ အနုပညာအလုပ် အပေါ်မှာ စေတနာထားတဲ့သူ တစ် ယောက်ကို ဆုံးရှုံးလိုက်ရတာပါ။ သူလိုလူတစ်ယောက် ထပ်ဖြစ်လာဖို့ ဆိုတာ အင်မတန်ခက်ခဲပါတယ်။

 ဦးမျိုးတို့အလုပ်တွေအများကြီးတွဲလုပ် ခဲ့ကြသလို မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေ အတူမက်ခဲ့ပြီးမှ အခုလိုလမ်းတစ်ဝက် မှာ သူပါမလာတော့တာတွေးမိတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်။ အခုချိန် ထိလည်း ကျွန်တော်တို့ ရိုက်ထားတဲ့ ဇာတ်ကားတချို့ ပရိသတ်ရှေ့ကို မရောက်နိုင်သေးတာ၊ ရောက်ခွင့်မရသေးတာတွေ ရှိပါတယ်” ဟု ဆိုသည်။

သရုပ်ဆောင်ဒွေးသည် မကွယ်လွန်မီ အချိန်၌ ဒါရိုက်တာချိုတူးဇော် ရိုက်ကူးလျက်ရှိသည့် ‘ကမ္ဘာတစ် ခြမ်းည’ ဇာတ်ကားကိုနောက်ဆုံး သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ်ကားအပြင် လွန်းထားထား၏ ၀တ္ထု ကို ဒွေးကိုယ်တိုင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး သရုပ်ဆောင်ဒွေး၊ စိုးမြတ်သူဇာ၊ မြတ်ကေသီအောင်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင် သရုပ်ဆောင်ထားသည့် ‘နှင်းဆီ မိုးတိမ်’ ဇာတ်ကား၏ ကားဆက်ခြင်း လုပ်ငန်းများကို မကွယ်လွန်မီရက်ပိုင်း အလို၌ နေ့ညမပြတ် ပြီးဆုံးအောင် လုပ်ဆောင်ခဲ့ကာ ယခုအခါ ယင်း ဇာတ်ကားမှာရုံတင်ပြသခဲ့ပြီး ဖြစ်သည် ဟု သိရသည်။

 ၎င်းပါဝင်သရုပ်ဆောင် ခဲ့သည့် ‘ဆုတောင်းမှားသူများ’ ဒီဗီဒီ ဇာတ်ကားကို ၂၀၀၇ ခုနှစ်ဇွန်လမှ စတင်၍ မြို့ပတ်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခဲ့ပြီး ၂၀၀၇ ခုနှစ်မေလ တွင် ရုံတင်ပြသခဲ့သော ‘ကက်ကင်း’ ရုပ်ရှင်ဇာတ်ကားသည် ၎င်းနောက်ဆုံး ပါဝင် သရုပ်ဆောင်ထားသည့် ရုပ်ရှင် ဇာတ်ကားကြီးဖြစ်သည်။

ဒွေးသည် ၁၉၉၇ ခုနှစ်တွင် ‘အမေ့ခြေရာ’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီ ဆုကို ရရှိခဲ့သည်။ ဂီတလှုပ်ရှားမှု အနေဖြင့်လည်း ‘ထွန်းလင်းခွင့်ပေးပါ’ တစ်ကိုယ်တော်တေးစီးရီးနှင့် စုပေါင်းတေး စီးရီးအချို့တွင် ပါဝင်သီဆိုခဲ့ပြီး မကွယ်လွန်မီ အသံသွင်းယူခဲ့သည့် သားညီနှင့် နှစ်ယောက်တွဲတေးစီးရီးမှာ ကွယ်လွန်ပြီးနောက် ထွက်ရှိခဲ့ပြီးဖြစ်သည်။ 

ကွယ်လွန်ချိန်တွင် ရိုက်ကူးပြီးဖြစ်သည့် ဒီဗီဒီ နှင့်ဗီဒီယိုဇာတ်ကားပေါင်း ၃၀ ၀န်းကျင် ခန့် ကျန်ရှိခဲ့ကာ အချို့မှာထွက်ရှိပြီး ဖြစ်သော်လည်း ကျန်ရှိနေသေးသည့် ဇာတ်ကားများလည်း ရှိနေသေးသည် ဟု သိရသည်။
 Ref: Eleven Media :

0 comments:

Post a Comment