Pages

Saturday, July 14, 2012

မြန်မာကို ကမ္ဘာကကြည့်တဲ့နေ့

7409
ဥရောပကောင်းကင်ယံ မြေပြင် အထက်ပေပေါင်း သုံးသောင်းကျော်မှ ပျံသန်းနေသော လေယာဉ်ကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာနေသည် ကို သိလိုက်ရသည့်အတွက် ပြတင်းပေါက်နေကာကို အသာဖွင့်ကြည့်လိုက်တော့ တောတောင်စိမ်းစိမ်းတွေကို တစ်မျှော်တစ်ခေါ်ကြီး စတင်မြင်ရလေပြီ။ 

ဒါဆိုလျှင် နော်ဝေကို ချည်းကပ်လာပြီဟု တွေးမိလိုက်ပြီး ရှေ့မှာရှိသော LCD TV မှ တစ်ဆင့် ပျံသန်းမှု အချက်အလက်များကို ကြည့်လိုက်ရာ အော်စလိုလေဆိပ်ရောက်ဖို့ နောက်ထပ်ကီလိုမီတာ ၄၀ လောက်သာ လိုတော့သည်ကို အတိအကျသိလိုက်ရသည်။

ဘန်ကောက်လေဆိပ်မှ အော်စလို လေဆိပ်အထိ ကီလိုမီတာ ၉၈၉၁ ကိုပျံသန်းချိန် ၁၂ နာရီနီးပါး မရပ်မနား စီးနင်းခဲ့ရသည့်ခရီးသည်များ လှုပ်လှုပ်ရွရွ ဖြစ်နေကြလေပြီ။ လေယာဉ်တွင်း စပီကာများမှ တစ်ဆင့် မကြာခင် လေယာဉ်ဆင်း သက်တော့မည့် အကြောင်းကိုလည်း ကြေညာနေလေပြီ။ ပြတင်းပေါက်နေကာများကို ဖွင့်လိုက်သည်နှင့် သစ်ပင်များ ထူထူထပ်ထပ်ကြားမှာ တည်ရှိနေသော အော်စလိုလေဆိပ်ကို မြင်လိုက်ရတော့သည်။
7409b
နော်ဝေနိုင်ငံ၏ နွေရာသီဟု ဆိုပေမယ့် မြန်မာနိုင်ငံသား ကျွန်တော့် အတွက်တော့ ရှမ်းပြည်ကို ဆောင်းတွင်းရောက်ရသလို ခံစားနေရသည်။ နွေရာသီမို့ လေဆိပ်အဆောက်အအုံ ထဲမှာ အနွေးဓာတ်ပေးထားခြင်း မရှိတော့သည့်အတွက် ချမ်းချမ်းအေးအေးရှိနေပေမယ့် ပြုံးရွှင်လန်းစွာ လုပ်ကိုင်နေကြသော နော်ဝေလေဆိပ်အမှုထမ်းများ၏ မျက်နှာများက နွေးထွေးသလို ခံစားရသည်။ အော်စလိုလေ ဆိပ်မှဝင်ရောက်လာသည့် ခရီးသည်များသည် arrival card ခေါ် ဆိုက်ရောက်ပုံစံကတ်ပြားပင် ဖြည့်စရာမလိုတော့ဘဲ ၀င်ခွင့်ပေးရာ မြန်မာတွေ ပြည်ပခရီးမှ ပြန်ရောက်တိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အ၀င်မှာ အမြဲတမ်းဖြည့်နေရသည့် arrival card ကို ပြေးသတိရမိသည်။ လေဆိပ်အ၀င်မှ ပထမဦးဆုံး စတင်ကြုံတွေ့ရသည့် လူဝင်မှုကြီးကြပ်ရေးတာဝန်ခံက ကျွန်တော့် နိုင်ငံကူးလက်မှတ်ကို ကြည့်ရင်း ‘MYANMAR’ ဟု ရေရွတ်ကာပြုံးပြသည်။ ပြီးတော့ ‘အောင်ဆန်းစု ကြည်လည်း လာလိမ့်မယ်’ ဟူ၍ပင် လှမ်းပြောလိုက်တော့ တို့မြန်မာတွေကို ဂရုတစိုက်ရှိနေပါလား ဆိုသည့် အသိကို စတင်ခံစားလိုက်ရပါသည်။

တော်တန်ရုံ စွန့်လွှတ်ကြိုးစားမှုဖြင့် အနားပင်မကပ်နိုင်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၏ မြင့်မြတ်မှုကို ကမ္ဘာက လေးစားအသိအမှတ်ပြု ခဲ့ကြသလို နိုဘယ်လ်ဆုရှင်တိုင်း နှိုင်းဆရန်ခက်ခဲသည့် စိတ်ဓာတ်ကိုလည်း ကမ္ဘာက လေးစားအားကျ နေလေသည်။ မြန်မာလူမျိုးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်လ်ဆု အခမ်းအနားကို အနီးကပ်ကြုံတွေ့ ခံစားလိုက်ရသည့် ကျွန်တော့်အဖို့ မြန်မာဖြစ်ရခြင်းအတွက် ထိုနေ့လောက် ဂုဏ်ယူစရာကောင်းသည့်နေ့ မရှိဘူးဟုပင် ဆိုရပါမည်

လေဆိပ်ကြီးကရှည်လျားစွာ သွယ်တန်းတည်ဆောက်ထားသည့် အတွက် တစ်ညလုံးမက လေယာဉ်ပေါ်မှာ အညောင်းမိလာသည့် ခရီးသည်များအတွက် အညောင်းပြေရုံ မက တော်တော်ကလေးပင် ဟိုက်အောင်လျှောက်ကြပြီးမှ ပစ္စည်းရွေးတဲ့နေရာကို ရောက်သည်။ အကောက်ခွန်ကလည်း ပြုံးပြနှုတ်ဆက်ရုံသာ။ လေဆိပ်မှ အထူးရထားဖြင့် အော်စလိုမြို့သို့ ခရီးဆက်ခဲ့ရာ မြန်မာပြည်ရန်ကုန်မှ ထွက်ခဲ့ပြီးနာရီပေါင်း ၂၀နီးပါး ကြာသောအခါ အင်မတန်ရောက်ချင်လှသော နော်ဝေနိုင်ငံ အော်စလိုမြို့ သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတော့သည်။ အော်စလိုဘူတာကြီးမှ တည်းခိုမည့်ဟိုတယ်သို့ မြေအောက် ရထားနှင့် ခရီးဆက်ခဲ့ရာတွင် မြေအောက်ဘူတာ ၀င်ထွက်ပေါက်များရှိ ကြော်ငြာ ဆိုင်းဘုတ်နေရာများတွင် နော်ဝေ နိုင်ငံထုတ် မဂ္ဂဇင်းတစ်ခုက ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီနှင့်မျက်နှာဖုံး လုပ်ထားတာကို တွေ့လိုက်ရသည်။
7409a
ချိုးငှက်ဖြူတစ်ကောင်ကို ထည့်ထားသော လှောင်အိမ်အနက်ရောင် ကို လက်နှစ်ဖက်နှင့် ပွေ့မထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာမှာ တည်ငြိမ်အေးချမ်းသည်ကို မြင်ရသလို၊ စိတ်ဓာတ်ခိုင်ခန့်မှုကိုလည်း မြင်သာအောင် ပန်းချီဆရာက လက် စွမ်းပြထားသည်။ ပြီးတော့ ထိုမျက်နှာဖုံးနောက်ခံ အနီရောင်နှင့် ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ထားသည့် အစိမ်းရောင် အတွဲအဖက်ကလည်း မြင်ရသူ တိုင်းစိတ်ကို တစ်မျိုးတစ်ဖုံခံစားစေတာ အမှန်ဖြစ်သည်။ နိုင်ငံခြား တိုင်းပြည်ကြီးတစ်ခုမှာ မြန်မာ့ထင်ရှားသည့် ခေါင်းဆောင်တစ်ယောက် ၏ ပုံကို အခုလို ရုတ်တရက်မြင်လိုက်ရသည့် ကျွန်တော့်အဖို့မှာ ခြေလှမ်းများပင် ခေတ္တတန့်သွားအောင် မင်တက်မိစေပါတော့သည်။
ဒါပေမဲ့ စောစောက ခံစားခဲ့ရမှုများသည် ဇွန်လ ၁၅ ရက်နေ့တွင် အော်စလိုမြို့ ‘the grand hoteL’ သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်  ကြိုဆိုကြသည့် ပရိသတ်ထုကြီးကို မြင်လိုက်ရသည့်အခါ ရင်မှာခံစားလိုက်ရသည့်အရှိန်နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့။ ထိုနေ့က အော်စလိုမြို့တွင် နေရောင်ဝင်းပကာ ကောင်းကင်ပြာသည်လည်း ကြည်လင်လွန်းလှသည်။ ရာသီဥတုက ထူးထူးခြားခြား လှပကောင်းမွန်နေချိန်မှာ နော်ဝေပြည်သူပြည်သားများ သာမက နော်ဝေရောက် တစ်ပြည်သားတွေပါ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသည့်အတွက် Grand hotel နှင့် နော်ဝေပါလီမန် အဆောက်အအုံကြားရှိ ပန်းခြံမှာ ပရိသတ်တွေအပြည့်အနှက်ဖြစ်လို့ နေသည်မှာ နံနက်ပိုင်း ကတည်းကဖြစ်သည်။ တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်သည် ညနေ ၅း၀၀ နာရီလောက်မှ ရောက်ပါလိမ့်မည်ဟု ကြိုတင်အသိပေးထားသည့်တိုင် ညနေ ၃း၀၀ ကျော် လောက်ကတည်းက ပရိသတ်ပြည့် နေလေပြီ။ မြန်မာဝတ်စုံနှင့် သာမက တိုင်းရင်းသားရိုးရာ ၀တ်စုံတွေနှင့် ပရိသတ်ကလည်း မနည်းလှသည့်အပြင် ကမ္ဘာ့မီဒီယာသမားများကလည်း တိုးဝှေ့ကာ နေရာကောင်းယူ နေကြရအောင်ပင် များပြားလှသည်။
ရှေ့ပြေးဆိုင်ကယ်နှစ်စီးနှင့် ဒေါ်အောင်ဆန်းစုကြည်ပါလာသည့် ယာဉ်တန်းကွေ့ဝင်လာချိန်မှာတော့ ‘မြန်မာ’ ‘အမေစု’ ‘ဒေါ်အောင်ဆန်းစု ကြည်’  စသည့်အသံများက အော်စလိုကောင်းကင်ယံသို့ လျှံတက်သွား တော့သည်။ ကားပေါ်မှဆင်းပြီး ဟိုတယ်တွင်းသို့မ၀င်ဘဲ လမ်းတစ်ဖက် တစ်ချက်မှ တိုးဝှေ့ကြိုဆိုနေသည့် ပရိသတ်ရှိရာသို့ ဒေါ်အောင်ဆန်းစုကြည် ဦးတည်လိုက်ရာတွင် နိုင်ငံခြားသားပရိသတ်များကပါ အလုအယက်  တိုးဝှေ့ကာကြိုဆို နှုတ်ဆက်ကြတော့သည်။ မြန်မာတွေသာ ငိုကြသည်မဟုတ် နိုင်ငံခြားသားများပင် မျက်ရည်အရွဲသားနှင့်ဖြစ်ရအောင်ပင် စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည့်အချိန်တစ်ခုဖြစ်ပါသည်။ မိဘနှင့်ပြန်ဆုံရသည့် သားသမီးတွေလို မျက်ရည် လည်ရွဲဖြစ်ကြသူတွေ အများအပြားပင်။ ပရိသတ်ကြားမှာရှိနေသော ကျွန်တော်နှင့်ဘေးမှ ဂျပန်သတင်းထောက်နှစ်ယောက်တို့နောက် အာဖရိကတိုက်သူ တစ်ဦးက ‘we love you aung san suu kyi’ ဟု အော်နေလိုက်သည်မှာ မရပ်မနားပင်။ ပြီးမှမေးကြည့်တော့ သူမသည် အီသီယိုပီးယားမှဖြစ်ပြီး သူမဘ၀တွင်’ နယ်ဆင်မင်ဒဲလားနှင့် ဒေါ်အောင်ဆန်းစုကြည်’ ကို ကြည်ညိုလေးစားဆုံးဖြစ်ကြောင်းနှင့် လက်နက်မဲ့ငြိမ်းချမ်းရေး တိုက်ပွဲဝင်ခဲ့သူ နှစ်ဦးအနက် ဒေါ်အောင်ဆန်းစုကြည်ကို မိန်းမသားချင်းမို့ပို၍ အားကျဖြစ်မိကြောင်း ပြောသွားသည့် သူမ မျက်ဝန်းတစ်စုံမှာ မျက်ရည်အရွဲသားနှင့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အော်စလိုကိုရောက်သည့်နေ့က နေနတ်သားကကြိုဆိုခဲ့သည့်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်မည့်နောက်နေ့မှာတော့ မိုးမင်းက သူ့အလှည့်အဖြစ် နံနက်ကတည်းက မိုးဖွဲဖွဲလေး ရွာပြီး ဂုဏ်ပြုနေလေသည်။ မိုးရေထဲမှာပင် နိုဘယ်အခမ်းအနားကျင်းပမည့် အော်စလိုမြို့တော်ခန်းမနား တစ်ဝိုက်မှာ ပရိသတ် ပြည့်နေခဲ့သည်။ အခမ်းအနားအတွင်း ၀င်ရောက်မည့် သူတွေကို ခန်းမလက်ယာဘက်မှ စနစ်တကျဝင်နိုင်အောင် စီစဉ်ပေးပြီး ကျန်တစ်ဖက်ခြမ်းတွင် ရပ်ကြည့်ပရိသတ် အတွက် စီစဉ်ပေးထားသည်။ ဒါပေ မဲ့ ၀င်ပေါက်နှင့် အတော်ကွာနေသေး သည့်အတွက် တာဝန်ကျ ရဲအရာရှိကို သွားပြီး အကူအညီတောင်းတော့ လိုလိုလားလားကူညီပေးသည့်အတွက် ဓာတ်ပုံရိုက်၍ ကောင်းမည့် တစ်နေရာ ရခဲ့သည်။ အဲဒီနေရာရောက်တော့လည်း နော်ဝေပရိသတ်က တော်တော် များနေလေပြီ။
အင်မတန်အချိန်တိကျသည့် လူမျိုးအဖြစ် ကမ္ဘာကျော်သည့် နော်ဝေတို့၏အချိန်ကိုက် စီစဉ်မှုကို မျက်ဝါးထင်ထင်မြင်ရတော့ ပို၍လေးစားမိသည်။ ၁၂း၄၀နာရီတိတိမှာ နော်ဝေ ၀န်ကြီးချုပ်၏ကားသည် ခန်းမရှေ့ သို့ ဆိုက်သည်။ အသင့်ခင်းထားသည့် ကော်ဇောနီဘေးမှ ကပ်လျက် တက်သွားသည်။ ၁၂း၄၅ နာရီမှာ သက်တမ်းရာချီ အစဉ်အလာကြီးသည့် အော်စလိုမြို့တော်ခန်းမ ခေါင်းလောင်းစင်ကြီးမှ မင်္ဂလာခေါင်းလောင်းသံ စတင်ကြားလိုက်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို တင်ဆောင်လာသည့် အထူးဧည့်သည် ယာဉ်တန်းဝင်လာလေသည်။ ခေါင်းလောင်းကြီးက ကောင်းချီးသြဘာသံကို ဘ၀ဂ်လျှံဝေ အောင်တီးခတ်သည့် အချိန်တွင် ခန်းမရှေ့အ၀င်ကော်ဇောနီ ရှေ့တည့်တည့်  တွင်ဆိုက်ရောက်လာသည့် ယာဉ်ပေါ် မှ ဒေါ်အောင်ဆန်းစုကြည်ဆင်း လာသည်ကိုမြင်လိုက်ရသည့် မြင်ကွင်းနှင့် ခံစားမှုက ရင်ကိုပြင်းထန်စွာ လှိုင်းထသွားစေရာ ဓာတ်ပုံရိုက်ဖို့ပင် မေ့သွားသည်အထိ ဖြစ်ခဲ့ရသည်။
ကြက်သီးထစရာကောင်းသည့် ထိုအခိုက်အတန့်လေးမှာ ခေါင်းလောင်း၏တက်ကြွနိုးကြားမှု ခရမ်းရင့်ရောင် မြန်မာဝတ်စုံနှင့် ကျက်သရေ ရှိလှသော ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့မြင်လိုက်ရသူ အပေါင်းမှင်တက်မိသလို ဖြစ်သွားစေမှာ သေချာသည်။ ရှေ့မှာရှိသော ကောဇောနီ ပေါ် ခြေမလှမ်းမီ အတူပါလာသည့် နော်ဝေနိုင်ငံခြားရေး တာဝန်ခံကိုစောင့်ရင်း လက်ျာဘက်သို့ တစ်ချက်လှည့် ကြည့်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမိအရဓာတ်ပုံရိုက်လိုက်နိုင်သည့်အတွက် ထိုမနက်မှာ မိုးရေ ထဲ အပင်ပန်းခံစောင့်ဆိုင်းရကျိုး နပ်တော့သည်။ ‘once in my life’ ဟု ရှေ့မှ အဘွားအိုတစ်ယောက် ပြောတာကိုလည်း ကြားလိုက်ရသည်။ ကောဇောနီအလယ်မှ တစ်လှမ်းချင်း လှမ်းတက်သွားသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်ခွင့်ရလိုက်သည့် မြန်မာတစ်ယောက်အတွက် မဆိုထားနှင့် ထိုနေရာနားတစ်ဝိုက်ရှိ ကျန်ကမ္ဘာသူ ကမ္ဘာသားတို့ပင် ဘယ်လိုခံစားမိရသည် ဆိုတာ ပြန်လည်ပြောပြဖို့ခက်မှာ အမှန် ဖြစ်ပါသည်။ အထူးသဖြင့် ခန်းမထဲ ၀င်သွားသည်အထိ ကောင်းချီးသြဘာကျူးရင့်သလို တီးခတ်ခဲ့သည့် ခေါင်းလောင်းသံကလည်း ထိုအခမ်းအနားအတွက် မင်္ဂလာရှိရုံသာမက ထူးထူးခြားခြား ခံစားစေခြင်းလည်း ဖြစ်ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို နှစ်စဉ်ဒီဇင်ဘာတွင် ကျင်းပမြဲဖြစ်သော်လည်း ဒီနှစ်မှာတော့ ထူးထူးခြားခြား အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုကာ အခုလိုဇွန်လတွင် ကျင်းပခြင်းဖြစ်ပြီး ပုဂ္ဂိုလ်တစ်ဦးအတွက် အခမ်းအနားကိုနှစ်ကြိမ် ကျင်းပပေးခြင်းသည်လည်း ပထမဦးဆုံးအကြိမ် ဖြစ်သည်။ အခမ်းအနားစတင်ရန် ၁၀ မိနစ်အလိုတွင် နော်ဝေဘုရင်နှင့် မိဘုရားတို့ရောက်ရှိ နေရာယူပြီး သတ်မှတ်အစီအစဉ်အတိုင်း ကျင်းပသည်ကို nrk  ခေါ် နော်ဝေနိုင်ငံရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ပြသပါသည်။ မြို့တော်ခန်းမနှင့် မနီးမဝေးရှိ ‘nobel pEace center’ ရှေ့တွင်လည်း အများကြည့်ရှုနိုင်အောင် ကြီးမားလှသော မြင်ကွင်းကျယ် ရုပ်သံစက်ကြီးဖြင့် ထုတ်လွှင့်ပေးခဲ့ရာ မိုးရေ ဖွဲဖွဲထဲတွင် အစမှအဆုံး အားပေးကြည့်ရှုသွားကြသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအဆုံးမှာ မတ်တပ်ရပ်၍ သြဘာပေးကြသော နော်ဝေဘုရင်နှင့် မိဘုရားတို့ကိုကြည့်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၏ တန်ဖိုးမြင့်မားပုံကို ရင်မှာတလှပ်လှပ် ခံစားမိရပါတော့သည်။
ထိုမိနစ် ၄၀ ကြာ အခမ်းအနားအတွက် နော်ဝေတို့သည် ကမ္ဘာ့ အလယ်မှာ ထင်ရှားတင့်တယ်ခဲ့ကြသည်။ တော်တန်ရုံ စွန့်လွှတ်ကြိုးစားမှုဖြင့် အနားပင်မကပ်နိုင်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၏ မြင့်မြတ်မှုကို ကမ္ဘာက လေးစားအသိအမှတ်ပြု ခဲ့ကြသလို နိုဘယ်လ်ဆုရှင်တိုင်း နှိုင်းဆရန်ခက်ခဲသည့် စိတ်ဓာတ်ကိုလည်း ကမ္ဘာက လေးစားအားကျ နေလေသည်။ မြန်မာလူမျိုးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်လ်ဆု အခမ်းအနားကို အနီးကပ်ကြုံတွေ့ ခံစားလိုက်ရသည့် ကျွန်တော့်အဖို့ မြန်မာဖြစ်ရခြင်းအတွက် ထိုနေ့လောက် ဂုဏ်ယူစရာကောင်းသည့်နေ့ မရှိဘူးဟုပင် ဆိုရပါမည်။
 မြန်မာမှန်းသိ၍ လာရောက်စကားပြောကြသူတွေ အများကြီးနှင့် အားရ၀မ်းသာပြန်လည်စကားပြောရင်း ရင်ထဲမှာခံစားရသည့် ခံစားချက် အတွေးတစ်ခုက နှုတ်မှ ရုတ်တရက် ပွင့်ထွက်လာသည် မှာ ‘မြန်မာကို ကမ္ဘာကကြည့်တဲ့နေ့’ ဟူ၍ပင် ဖြစ်ပါတော့သည်။
‘ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဘ် ဆုရှင်များအားလုံးကို ဦးညွတ်လျက်’

Ref: Eleven Media Group:

0 comments:

Post a Comment