Pages

Saturday, June 27, 2015

ရန်ကုန်အပါအဝင် ဒေသတချို့ မိုးကြီးပြီး မြေပြိုနိုင်


RangonNewsDaily:: June . 26 .2015
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ ဇွန်လ ၂၅ ရက်နေ့ ကစပြီး ဇွန်လ ၂၇ ရက်နေ့အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် မြေပြိုမယ့် အန္တရာယ် ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆိုပါတယ်။
မုတ်သုံလေ အားကောင်းနေတာကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် မြေပြိုမှုအန္တရာယ်နဲ့ မြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး ရေကြီးရေလျှံမှု အန္တရာယ်တွေကို ကြိုတင်သတိပြုဖို့ လိုတယ်လို့ သူက ဆိုပါတယ်။
::
“ကမ်းရိုးတန်း ဒေသတွေနဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ မိုးရေချိန် သုံးလက်မအထက် ရွာနိုင်တဲ့အတွက် မိုးကြီးမယ်။ ဒါကြောင့် ရခိုင်ဘက်မှာဆို သံတွဲ၊ ဂွတို့အပြင် ချင်းပြည်နယ်မှာလည်း မိုးသည်းထန်ပြီး မြေပြိုတာတွေ ဖြစ်နိုင်တယ်” လို့ သူက ရှင်းပြပါတယ်။
မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကတော့ အရှေ့တောင်ပိုင်း ပင်လယ်ပြင်သုံးခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်၊ အာရေဗျပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ လေဖိအားနည်း ရပ်ဝန်းတွေနဲ့ မုန်တိုင်းတွေ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေတာကြောင့် မုတ်သုံလေ အားကောင်းနေတာဖြစ်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။
::
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးကြီးနိုင်တဲ့အတွက်ကြောင့် မြေနိမ့်ဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နိုင်တဲ့အပြင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လှိုင်းကြီးတာတွေ ဖြစ်နိုင်တယ်လို့လည်း သူက ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment