Pages

Wednesday, January 21, 2015

အငှားယာဉ်မောင်းဖြစ်ကို သံတုတ်ဖြင့် ဆင်းရိုက်ရာမှရွှေဧည့်သည်ယာဉ်ကို လူ ၅၀ ကျော်က ခဲများဖြင့် ဝိုင်းပစ်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ရိုက်နှက်ခံရ

RangonNewsDaily:: January . 21 .2015
ရန်ကုန်မြို့တော် မင်္ဂလာဈေး မီးပွိုင့်တွင် ဇန်နဝါရီလ ၂၀ ရက် ညနေ ၅ နာရီခန့်က ရွှေဧည့်သည် (၁) ခရီးသည်တင်ယာဉ်ကို လူအယောက် ၅၀ ကျော်ရှိ လူအုပ်ကြီးက ပိတ်ဆို့ကာ ခဲများဖြင့် ပစ်ခတ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ဝိုင်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိသည်။
ယုဇနပလာဇာဘက်မှ ရန်ကုန်မြို့တွင်း ဘက်သို့ ဗညားဒလလမ်းအတိုင်း ခရီးသည်များ တင်ဆောင်ကာ မောင်းနှင်လာ
သည့် ယာဉ်နံပါတ် 7B-8637 ရွှေဧည့်သည် (၁)ယာဉ်မှ ယာဉ်နောက်လိုက်တစ်ဦးမှာ ယာဉ်အရှေ့ လမ်းပိတ်နေသည့် ပရိုဘောက်စ် အငှားယာဉ်မောင်းဖြစ်သူကို သံတုတ်ဖြင့် ဆင်းရိုက်ရာမှ ယင်းအနီးတွင် နေထိုင်သူများက မကျေနပ်ဖြစ်ကာ ရွှေဧည့်သည် ခရီးသည်ယာဉ်ကို ခဲများဖြင့် ပစ်ခတ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဝိုင်းထိုးကြိတ် ရိုက်နှက်
ခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာဈေး မီးပွိုင့်တွင် ယာဉ်ကြော ရှင်းလင်းရေး ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲများက ပြောကြားသည်။

“ယာဉ်ကြောလုမောင်းရာက Taxi က ရွှေဧည့်သည်ကားရှေ့ ပိတ်ရပ်မိသလို ဖြစ်သွားတာ။ စပယ်ယာက သံတုတ်နဲ့ 
Taxi မောင်းတဲ့ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသားကြီးကို ဆင်းရိုက်လို့ အနီးက လူတွေက မရိုက်ပါနဲ့ ဝိုင်းတားခဲ့တယ်။ ဒါကို လက်မခံဘဲ ဆက်ရိုက်နေတာကြောင့် ဘေးကလူတွေက မခံနိုင်ဖြစ်ပြီး ရွှေဧည့်သည်ကားက ဘေးမှန်တွေကို ရိုက်
ခွဲပြီး ကားသမားတွေကိုပါ လက်သီးတွေနဲ့ ဝိုင်းထိုးခဲ့တာ” ဟု မျက်မြင်တွေ့ရှိခဲ့သူ မင်္ဂလာဈေးမီးပွိုင့်အနီး ကွမ်းယာရောင်းနေသော အမျိုးသားတစ်ဦးက ရှင်းပြသည်။
::
အဆိုပါ လူအုပ်ကြီးက ရွှေဧည့်သည် ယာဉ်ကို ခဲများဖြင့် ဝိုင်းပစ်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များမှာ ဆင်းပြေးခဲ့
ရကြောင်း၊ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက ရန်ပွဲကို လာရောက်ဖြေရှင်းစဉ် ရွှေဧည့်သည်(၁) ယာဉ်မှ ယာဉ်မောင်းမှာ တော်ဝင်ပလာဇာ ဘက်ခြမ်းသို့ ယာဉ်မောင်းနှင် ထွက်ပြေးခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

“အငှားယာဉ်ကို သံတုတ်နဲ့ ဆင်းရိုက်တဲ့ စပယ်ယာက လူအုပ်ကြီးလည်း ဝိုင်းလာချိန် ထွက်ပြေးသွားတာ။ ကားပေါ် ကျန်
ခဲ့တဲ့ ယာဉ်မောင်းနဲ့ စပယ်ယာ နောက်တစ်ယောက်က ၀ိုင်းရိုက်ခံရတာကြောင့် ဒဏ်ရာတွေရပြီး ကားကိုအတင်း မောင်းပြေးသွားခဲ့တယ်။ သံတုတ်နဲ့ ရိုက်ခံရသူကို ဆေးရုံကြီးကို ရဲတပ်ဖွဲ့က ခေါ်သွားတယ်” ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။
::
ယင်းလူအုပ်ကြီးဖြင့် ခရီးသည်တင်ယာဉ်ကို ခဲဖြင့်ထုကာ ဖျက်ဆီးခဲ့သူများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လတ်တလော စုံစမ်းနေကြောင်း၊ သံတုတ်ဖြင့် အရိုက်ခံရသော အငှားယာဉ်မောင်းမှာ နဖူးနှင့် ရင်ဘတ်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment