Pages

Saturday, January 3, 2015

ပျက်ကျခဲ့သည့် အဲအေးရှား လေယာဉ်ကို ရေအောက်တွင် ရှာဖွေမှု လုပ်ငန်းစဉ်များ စတင်ရန်စီစဉ်


RangonNewsDaily:: January . 3 .2015
ပျက်ကျခဲ့သည့် အဲအေးရှား လေယာဉ်အတွက် ရေအောက်ရှာဖွေရေး လုပ်ငန်းစဉ်များကို ယနေ့ (ဇန်နဝါရီ ၂ ရက်)တွင် အစပြုသွားမည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ပင်လယ်ထဲ ပျက်ကျသွားသော အဲအေးရှား လေကြောင်းခရီးစဉ်အမှတ် QZ8510 လေယာဉ်သည် ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်နေသည်ဟု ယူဆရသည်။

ပြင်သစ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့နှင့် ရေအောက်ရှာဖွေရေးဆိုင်ရာ အထူးပြု ကိရိယာ တန်ဆာပလာများ ရောက်ရှိလာသည့်နောက် ရေအောက်သို့ ဆင်းသက်ရှာဖွေမှုများကို အရှိန်မြှင့်သွားမည်ဟု သိရသည်။ ရှာဖွေရေး အဖွဲ့သည် Airbus A320-200 အမျိုးအစား လေယာဉ်၏ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Box ကို ခြေရာခံ ဆယ်ယူနိုင်ရန် အလေးအနက် မျှော်လင့်နေသည်။

လေယာဉ်ပျက်ကျခဲ့ရာ ရေပြင်တဝိုက်တွင် အလောင်း (၁၀)လောင်းထိ ဆယ်ယူရရှိထားပြီး ဖြစ်သော်လည်း အသက်ရှင် ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ ရှိနိုင်မည့် အထောက်အထားမျိုး မတွေ့ရချေ။ ထို့အပြင် ရာသီဥတု ဆိုးရွားခြင်းနှင့် ပင်လယ်ပြင်တွင် လှိုင်းထန်နေခြင်းများကြောင့် ရှာဖွေရေး လုပ်ငန်းများတွင် အခက်အခဲများစွာ ကြုံနေရဆဲ ဖြစ်သည်။

လေယာဉ်သည် ဂျာဗားပင်လယ် ကြမ်းပြင်တွင် နစ်မြုပ်နေသည်ဟု အခိုင်အမာ ယုံကြည်ရပြီး လေယာဉ်ပျက် အစိတ်အပိုင်း အချို့ကို ပင်လယ်ထဲ မျောပါနေရာမှ ဆယ်ယူထားနိုင်သော်လည်း အဓိက လေယာဉ်ကိုယ်ထည်ကိုမူ ရှာမတွေ့သေးချေ။ ရေအောက်ရှာဖွေရေး အဖွဲ့သည် လေယာဉ်၏ Black Box မှ ထုတ်လွှတ်ပေးနေမည့် အချက်ပြ လှိုင်းများကို ဖမ်းယူနိုင်ရန် အဓိက ဦးတည် ကြိုးစားမည် ဖြစ်သည်။

လေယာဉ်ပေါ်တွင် စုစုပေါင်း လူ(၁၆၂)ဦး လိုက်ပါသွားရာ အရွယ်ရောက်ပြီး ခရီးသည် (၁၃၇)ဦး၊ ကလေးငယ် (၁၇)ဦး၊ မွေးကင်းစ ကလေးငယ် (၁)ဦး၊ လေယာဉ်မှူး (၂)ဦးနှင့် အမှုထမ်း (၅)ဦးတို့ ပါဝင်ကြသည်။ လေယာဉ်ပေါ် ပါသွားသူ အများစုသည် အင်ဒိုနီးရှား နိုင်ငံသားများ ဖြစ်ကြောင်းလည်း သိရှိရသည်။

လေယာဉ် မပျက်ကျမီက အမြင့်ပေ (၃၂၀၀၀)တွင် ပျံသန်းနေရာမှ ရာသီဥတု ဆိုးရွားမှုကို ရှောင်ကွင်းရန် အမြင့်ပေ (၃၈၀၀၀)သို့ တက်ရောက်ပျံသန်းခွင့် ပြုပေးရန် လေယာဉ်မှူးက လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ခွင့်တောင်းခဲ့သည်။ ထို့နောက် မျှော်စင်က အမြင့်ပေ (၃၄၀၀၀)တွင် ပျံသန်းရန် လမ်းရှင်းကြောင်း အကြောင်းပြန်လိုက်သော်လည်း လေယာဉ်ဘက်က အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

လေယာဉ်ပျက်ကျရမှု အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း A320-200 အမျိုးအစား လေယာဉ်တစ်စီးအတွက် ကန့်သတ်ချက် ကျော်လွန်သည့် အမြင့်ပေမျိုးထိ တက်ရောက်ခဲ့သည်ဟု ယူဆရကြောင်း ရေဒါ အချက်အလက်အချို့ကို ကိုးကားပြီး ကျွမ်းကျင်သူတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းကောက်ချက်ကို တိတိကျကျ အတည်ပြုနိုင်ရန် လုံလောက်သော အထောက်အထားမျိုး မရှိသေးဟုလည်း သိရှိရသည်။

အဲအေးရှား လေကြောင်းလိုင်းသည် ယခင်က အကောင်းဆုံး စံနှုန်းအဆင့် လုံခြုံရေး မှတ်တမ်းမျိုး ပိုင်ဆိုင်ထားခဲ့ပြီး လူအသေအပျောက် ဖြစ်ခဲ့သည့် မတော်တဆမှုမျိုး မရှိခဲ့ကြောင်းလည်း သတင်းရရှိသည်။

ပျက်ကျသွားသောလေယာဉ်မှ အစိတ်အပိုင်းများအား သယ်ဆောင်လာသည်ကိုတွေ့ရစဉ်

Ref: BBC , 7Day Daily , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment