Pages

Saturday, January 3, 2015

ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများအား ပါတီမှ ထုတ်ပယ်ရန် ရွေးကောက်ပွဲ ကော်မရှင် သတိပေးချက်ကို NLD ပါတီ အပြင်းအထန် ကန့်ကွက်


RangonNewsDaily:: January . 3 .2015
NLD ပါတီသည် ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင် ထားသူများအား ပါတီဝင်အဖြစ် လက်ခံ ထားသည့်အတွက် ရွေးကောက်ပွဲ ဥပဒေနှင့် ညှိစွန်းနေသဖြင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ များအား နှစ်လအတွင်း ပါတီမှ အပြီးထုတ်ပယ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့ရာ မဖြစ်သင့်ဟု NLD ပါတီက တုံ့ပြန်လိုက်ကြောင်း သတင်းရရှိသည်။

NLD ပါတီတွင် ၀ှိုက်ကတ် ကိုင်ဆောင်သူ အတော်များများ ပါတီဝင်အဖြစ် တည်ရှိနေသဖြင့် ယင်းတို့ကို ပါတီမှ ထုတ်ပယ်ရေးသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ပြီး NLD ပါတီကို အင်အားနည်းပါးစေရန် လုပ် ဆောင်နေ ခြင်းဖြစ်သည် ဟု NLD ပါတီခေါင်းဆောင်များက ထင်မြင်ယူဆလျက် ရှိသည်။

ထိုသို့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအား ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရန် ကော်မရှင်၏ ညွှန်ကြားချက်သည် မဖြစ်သင့်ကြောင်း NLD ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန် က ဆိုသည်။

“ဒါဟာ ကော်မရှင်ရဲ့ အလုပ်မဟုတ်ဘူး၊ ကိုယ့်ပါတီကို ယုံကြည်လို့ ဝင်လာတဲ့လူထုကို ခါထုတ်ရမယ့်ပုံစံဖြစ် နေတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

NLD ပါတီ၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကလည်း ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် ကော်မရှင်၏ ညွှန်ကြားချက်သည် ဥပဒေနှင့် မညီကြောင်း၊ ယာယီလက်မှတ်ကိုင် ဆောင်ထားသူများသည်လည်း မြန်မာနိုင်ငံတွင် နေထိုင်သူများဖြစ်၍ ၄င်းတို့သည်လည်း ၄င်းတို့ နှစ်သက်ရာ ပါတီကို ဝင်ခွင့်ရှိသင့်ကြောင်း ဆိုသည်။

“ဥပဒေသမား တစ်ယောက်အနေနဲ့ ဒီကိစ္စဟာ ဥပဒေနဲ့ လုံးဝမညီဘူးလို့မြင်တယ်။ ဒါဟာ NLD ပါတီအပေါ် ယုံကြည် အားကိုးသူတွေကို ဖိနှိပ်ချင်လို့ လုပ်တဲ့ကိစ္စ၊ NLD ပါတီဝင်တွေ နည်းသွားအောင် လုပ်တဲ့ကိစ္စပဲ။ ဒီညွှန်ကြားချက်ဟာ အာဏာရှင်စနစ် မကုန်သေးတဲ့ လက္ခဏာတွေပဲ။ ဒါကို ကျွန်တော်တို့ လုံးဝ မကျေနပ်ဖူး လို့ ပြောချင်တယ်။ 

NLD ပါတီကို အင်အားချည့်နဲ့အောင် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတာပဲ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကလည်း စစ်အစိုးရက လာတဲ့သူ ဖြစ်နေတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌရဲ့ တရားမျှတမှုကို ၀ှိုက်ကတ် ကိစ္စကို ကြည့်တာနဲ့ သိနိုင်တယ်။ NLD ပါတီဝင်တွေထဲမှာ ၀ှိုက်ကတ်ကိုင်တဲ့ သူတွေ တရားဝင် ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ ဥပဒေကြောင်းအရ တိုက်ပွဲဝင်သွားမှာပါ” ဟု ဦးကိုနီက ပြောသည်။

ရွေးကောက်ပွဲဥပဒေအရ နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူများသာ ပါတီတည်ထောင်ခွင့်ရှိပြီး နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူများသာ ပါတီဝင် ဖြစ်ခွင့်ရှိကြောင်း သိရှိရသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်အရ ၀ှိုက်ကတ်ကိုင်ဆောင်သူများကို ပါတီမှ ထုတ်ပယ်လျှင် NLD ပါတီ အင်အား များစွာ လျော့နည်းသွားဖွယ်ရာ ရှိကြောင်း သတင်းရရှိသည်။

ပြည်သူ့အာဏာ , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment