Pages

Saturday, January 17, 2015

ထွက်ပြေးတိမ်းရှောင်နေတဲ့ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နဲ့ တရုတ်နိုင်ငံသားတွေရဲ့ တရားခံပြေး ပုံစံတွေ ပေးပို့

RangonNewsDaily:: January . 17 .2015
မန္တလေး ချမ်းအေးသာစံ မြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီဆေးရုံမှာ မြန်မာနိုင်ငံ ဆေးကောင်စီက အသိအမှတ် မပြုထားသူတွေ ဆေးကုသနေမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နဲ့ တရုတ်နိုင်ငံသားတို့ ထွက်ပြေး တိမ်းရှောင်နေတာကြောင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွေထံသို့ တရားခံပြေးပုံစံတွေ ပေးပို့ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရပါတယ်။
တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်နဲ့ တရုတ်နိုင်ငံသား ခြောက်ဦးတို့ဟာ စွဲဆိုခံထားရတဲ့ အမှုနဲ့ပတ်သက်ပြီး တိမ်းရှောင်နေတာကြောင့် တရားရုံးစွဲတင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ပြစ်မှု ၂၈/ရဲ ၆၂ အမှတ်စဉ် (၃/၄/၅/၆/၇/၈-၂၀၁၅ ) တို့နဲ့ တရားခံပြေးပုံစံတွေ ပြုစုပြီး ပေးပို့ထားတယ်လို့ ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လတ်တလောမှာတော့ တိမ်းရှောင်နေလို့ တရားခံပြေးပုံစံ ပေးပို့ထားပြီး ကူညီဖမ်းဆီးပေးဖို့ပါပဲ။ စစ်ကိုင်းကို ပို့ရတာကတော့ ပိုင်ရှင်က အိမ်တွေ ရှိနေတယ်လို့ သိရလို့ပါ” လို့ သူက ထပ်ပြောပါတယ်။

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်ဟာ ရရှိထားတဲ့ လိုင်စင်ကို သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ ဗဟိုအဖွဲ့ ဒါမှမဟုတ် မြို့နယ်၊ တိုင်းဒေသကြီး ကြီးကြပ်ရေးကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ တခြားသူတစ်ဦးထံသို့ လွှဲပြောင်း ငှားရမ်းခဲ့တာကြောင့် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃/၃၅ အရ အမှုဖွင့်အရေး ယူခဲ့တာဖြစ်တယ်လို့ ရုံးမှတ်တမ်းတွေအရ သိရပါတယ်။
::
ဒါ့အပြင် မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပေးတဲ့ ဆေးကုသခွင့်လိုင်စင် မရှိဘဲ ကုသနေတဲ့ တရုတ်နိုင်ငံသား ဆရာဝန်နဲ့ သူနာပြုဆရာမ တို့ကိုလည်း မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေပုဒ်မ ၄၁ နဲ့ ဆေးကုသတဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ကျွမ်းကျင်မှု ရှိတယ်လို့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းက ထုတ်ပေးတဲ့ လိုင်စင်မှတ်ပုံတင် လက်မှတ်၊ ခွင့်ပြုချက်၊ သင်တန်းဆင်းလက်မှတ်မရှိတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကို တာဝန်ပေးအပ် ကုသဆောင်ရွက်စေခဲ့တာကြောင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်နဲ့ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် တို့ကို မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ ၄၂ တို့အရ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment