Pages

Saturday, January 17, 2015

နှစ်ဖက်အငြင်းပွားနေသော်လည်း ရိုဟင်ဂျာဟုသာ ကုလသို့ အစီရင်ခံမည်ဟု လူ့အခွင့်အရေး ကိုယ်စားလှယ် ပြောကြား


RangonNewsDaily:: January . 17 .2015
ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများကြား ဘင်္ဂါလီနှင့် ရိုဟင်ဂျာဟူ၍ အသုံးအနှုန်း အငြင်းပွားနေသော်လည်း ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းရာတွင် ရိုဟင်ဂျာဟုသာ သုံးစွဲတင်ပြမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee က ပြောကြားသည်။
လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ၁၀ ရက်ကြာ ရောက်ရှိနေသည့် Ms.Yanghee Lee သည် ၎င်း၏ ခရီးစဉ်အပြီး ရန်ကုန်မြို့တော်ရှိ ဆီဒိုးနားဟိုတယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ဘင်္ဂါလီများက ၎င်းတို့မှာ ရိုဟင်ဂျာဟု ပြောဆိုကြောင်း၊ ရခိုင်တိုင်းရင်းသားများကမူ ရိုဟင်ဂျာ ဆိုသည်မှာ မရှိဘဲ ဘင်္ဂါလီများသာ ဖြစ်သည်ဟု တင်ပြခဲ့ကြကြောင်း Ms.Yanghee Lee က ပြောဆိုသည်။
::
“ရခိုင်တိုင်းရင်းသားတွေက ရိုဟင်ဂျာလို့ သုံးနှုန်းတာ မကြိုက်ဘူး။ အဲဒီအသုံးအနှုန်း သုံးခွင့်ပေးလိုက်ရင် သူတို့ရဲ့ လုံခြုံရေး၊ နယ်မြေ၊ လူနေမှုဘဝတွေ ဆုံးရှုံးသွားမှာကို ကြောက်နေကြတယ်” ဟု ရခိုင်တိုင်းရင်းသားများ၏ တင်ပြချက်အပေါ် ၎င်းက ပြန်လည်ရှင်းပြသည်။

ရိုဟင်ဂျာဟု ခံယူထားသူများကို ဘင်္ဂါလီဟု သတ်မှတ်လိုက်ပါက နိုင်ငံသား အခွင့်အရေး အပါအဝင် အခွင့်အရေးများစွာ ဆုံးရှုံးသွားမည် ဖြစ်ကြောင်း Ms.Yanghee Lee က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လုံးတွင် ကြောက်ရွံ့မှုနှင့် ဒုက္ခရောက်မှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ နှစ်ဖက်အဖွဲ့အစည်းများက တင်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။
::
ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ အပါအဝင် INGO ဝန်ထမ်းများ၏ လုံခြုံရေးကို အကာအကွယ်ပေးစေလိုကြောင်း၊ ကုလသမဂ္ဂ ဝန်ထမ်းတစ်ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့က စစ်ဘက်ဆိုင်ရာ အာဏာပိုင်များက ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း Ms.Yanghee Lee က ပြောကြားသည်။

ကုလသမဂ္ဂ လူနည်းစု အခွင့်အရေး စံနှုန်းများအရ လည်းကောင်း၊ နိုင်ငံတကာတွင် ရိုဟင်ဂျာဟုသာ ခေါ်ဝေါ်နေ၍ လည်းကောင်း ဘင်္ဂါလီကို ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဝေါ်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ပြောဆိုထားသည်။
::
Ms.Yanghee Lee သည် မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘာသာရေးနှင့် လူနည်းစုတို့၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပုဂ္ဂလိကမီဒီယာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့နှင့် တွေ့ဆုံခဲ့သည်။
ယင်းအပြင် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ကာ နိုင်ငံရေး အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့သည်။
::
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အစီအရင်ခံစာကို ၂၀၁၅ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည် ဖြစ်ပြီး Ms.Yanghee Lee သည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဇူလိုင်လက လာရောက်ခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment