Pages

Sunday, October 5, 2014

သားအိမ်အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီးတစ်ဦး ကမ္ဘာ့ပထမဆုံးအဖြစ် ရင်သွေးငယ်မွေးဖွား


RangonNewsDaily:: October . 5 .2014
သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီး တစ်ဦးက ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ရင်သွေးငယ် တစ်ဦးကို အောင်မြင် ချောမောစွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ (၄)ရက်ထုတ် The Lancet ဆေးပညာ ဂျာနယ်တွင် အဆိုပါ ဖြစ်ရပ်သည် သားသမီး မရနိုင်သည့် ချွတ်ယွင်းချက်မျိုး ရှိနေသော အမျိုးသမီးများအတွက် ကြီးစွာသော အလှည့်အပြောင်း ဖြစ်စေမည့် အောင်မြင်မှုမျိုးဟု ညွှန်းဆို ဖော်ပြထားသည်။

သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် ဆွီဒင် အမျိုးသမီး တစ်ဦးသည် ပြီးခဲ့သည့် လက ကလေးငယ်တစ်ဦးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ကြောင်း၊ ကလေး၏ ကိုယ်အလေးချိန်သည် (၁.၇၇၅) ကီလိုဂရမ် ရှိနေကြောင်းလည်း ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ အသက်(၃၆)နှစ်ရှိ အမျိုးသမီးသည် Rokitansky အမည်ရှိ ရှားပါးသော ရောဂါတစ်မျိုးကြောင့် မွေးရာပါ သားအိမ်မပါလာသူ ဖြစ်သည်။

ဂိုသမ်ဘာ့ဂ်ရှိ ဆယ်လ်ဂရန်စကား တက္ကသိုလ် ဆေးရုံမှ ဆရာဝန်များက အဆိုပါ မွေးဖွားမှု တစ်ခုလုံးကို တာဝန်ယူ ကြပ်မတ်ပေးခဲ့ကြသည်။ အမျိုးသမီးနှင့် ခင်ပွန်းသည်တို့သည် ပြင်ပတွင် မျိုးအောင်စေသည့် ကုထုံးကို အသုံးပြုပြီး သန္ဓေတည်အောင် လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးကို သားအိမ် လှူဒါန်းသူမှာ အသက်(၆၁)နှစ် အရွယ် မိသားစုမိတ်ဆွေ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမသည် လွန်ခဲ့သည့် (၇)နှစ် ကတည်းက သွေးဆုံးခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က (၁၀)နာရီကြာ ခွဲစိတ်မှုဖြင့် သားအိမ်ကို အမျိုးသမီးအတွက် အစားထိုး တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်အထိ ရှုပ်ထွေးခက်ခဲသော ဆေးပညာ လုပ်ဆောင်မှုများဖြင့် ပံ့ပိုးအားဖြည့်ပေးခြင်း ခံခဲ့ရသည်။ အစားထိုးထားသည့် သားအိမ်သည် အစောပိုင်းက သန္ဓေသားကို လက်မခံလိုသည့် တုံ့ပြန်မှုမျိုး ရှိခဲ့သော်လည်း အဆိုပါ အဆင့်ကို ချေဖျက်နိုင်အောင် ပညာရှင်များက ကြိုးစား လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

_Ref: BBC , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment