Pages

Sunday, October 5, 2014

နယ်ပယ်သစ်အတွက် ခြေဆန့်လာတော့မယ့် Intel ရဲ့ မျိုးဆက်သစ် CPU : Core M


RangonNewsDaily:: October . 5 .2014
Intel ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းမှာ သူ့ရဲ့ မျိုးဆက်သစ် CPU ဖြစ်တဲ့ Core M Processor ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Code Name အဖြစ် Broadwell လို့ အမည်ရတဲ့ ဒီ chip အသစ်ဟာ ပထမဆုံး 14 nm နည်းပညာကို အသုံးပြုထားပြီး နည်းပညာဈေးကွက်ရဲ့ လိုအပ်ချက်အရ ပြောင်းလဲတိုးတက်လာတဲ့ အသီးအပွင့်တစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
အရင်တုန်းက intel ဟာ ဒီလို CPU မျိုး ထုတ်လုပ်ဖို့ အစီအစဉ်ရှိထားပေမယ့် အခုလို မြန်မြန်ဆန်ဆန် ထွက်ပေါ်လာတဲ့အတွက် နည်းပညာ ထုတ်ကုန်တွေအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာပါလိမ့်မယ်။

လက်ရှိအချိန်မှာ ခေတ်မီ မိုဘိုင်းအသုံးအဆောင်ပစ္စည်းတွေဟာလည်း မြန်ဆန်ပြီးစွမ်းအင်ချွေတာနိုင်မယ့် ARM chips တွေဘက်ကို သိသိသာသာ ဦးတည်လာတဲ့အခါ အင်အားကြီးနည်းပညာကုမ္ပဏီကြီး intel ဟာ အလျင်အမြန် လက်ဦးမှု ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Intel ကို ကမ္ဘာ့အကြီးဆုံး processor (chip) ထုတ်လုပ်သူတစ်ဦးဆိုတဲ့ ဂုဏ်အင်္ဂါရပ်ကို သက်သေပြနိုင် ဖို့အတွက် သူ့ရဲ့ ပြောင်မြောက်လှတဲ့ ထုတ်ကုန်တွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။ Core M ဟာ PC တွေအတွက် တကယ်ကိုအပြောင်းအလဲဖြစ်စေဖို့ သေချာသွားပါပြီ။ ဒါပေမဲ့ Intel ရဲ့ မူဝါဒအတိုင်း နှစ်အနည်းငယ်ကြာတဲ့အထိ အခြားရွေးချယ်စရာတွေ ရှိနေဦးမှာပါ။ 


ကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲ သွားတဲ့အခါမှသာ မဖြစ်မနေ Core-M ကို ရွေးချယ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ လက်ရှိဈေးကွက်မှာ ARM စနစ် အခြေပြု ထုတ်လုပ်သူကြီးတွေအဖြစ် ကြီးစိုးထားကြတဲ့ Samsung, Qualcomm နဲ့ Apple တို့ရဲ့ နည်းပညာ ထုတ်ကုန်တွေဟာ ကမ္ဘာတစ်ဝန်းမှာ အလုံးရေပေါင်း သန်းပေါင်းများစွာ ရှိနှင့်နေပြီးဖြစ်ပါတယ်။ 
Intel က ဒီအချက်ကို သိပ်ပြီးမစိုးရိမ်ပါဘူး။ တစ်ခြား ထိပ်တန်း chip ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Nvidia ဟာလည်း မကြာသေးမီကပဲ သူ့ရဲ့ Tegra K1 ကို Acer ရဲ့ Chromebook ထဲ ထည့်သွင်းအသုံးပြုစေခဲ့ပါသေးတယ်။ အခု အသစ်ထွက်ရှိလာတဲ့ Core M ရဲ့ အရှိန်အဟုန်ဟာ လက်ရှိအင်အားကောင်းနေတဲ့ မိုဘိုင်းထုတ်ကုန်တွေကို အပြင်းအထန် ရိုက်ခတ်နိုင်ပါလိမ့်မယ်လို့ Intel က ယုံကြည်နေပါတယ်။ 

Core M အသုံးပြုထားတဲ့ စွမ်းဆောင်ရည်မြင့် မျိုးစပ် Tablet တွေကိုလည်း ပြီးခဲ့တ IFA ပွဲကြီးမှာ စတင်ပြသခဲ့သလို လာမယ့်အောက်တိုဘာမှာ ဈေးကွက်ထဲ ရောက်ရှိတော့မယ်လို့ ဆိုထားပါတယ်။

မိုဘိုင်းခေတ်ဦးထဲက အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ Core M ဟာ intel ရဲ့ စွမ်းအင်အချွေတာနိုင်ဆုံး Processor ဖြစ်သလို 14 nm (Broadwell) အဏုစိပ်တည်ဆောက်မှုပုံစံကြောင့် အရင်တုန်းက မျှော်လင့်ခဲ့ကြတဲ့ Desktop PC တွေရဲ့စွမ်းဆောင်ရည်မျိုးနဲ့ မျိုးစပ် Tablet နဲ့ Notebook တွေကို ဈေးကွက်မှာ တွေ့မြင်ကြရတော့မှာပါ။ 


CPU ရဲ့ အရွယ်အစားနဲ့ ထုထည်ကို ၂၅ ရာခိုင်နှုန်းခန့် လျောချနိုင်ခဲ့ပြီး Intel ကတော့ Core-M အခြေပြု Tablets တွေ၊ Ultrabook တွေဟာ အထူ 9mm (0.35 in) ကနေ 7.2 mm (0.28in) အထိ ပါးလွှာအောင် လျှော့ချတည်ဆောက် နိုင်တော့မှာဖြစ်ပါတယ်။ 

ဒါကြောင့် အနာဂတ်မှာထွက်ပေါ်လာမယ့် notebook တွေမှာ အပူချိန်လျော့ချတဲ့ fan တွေ လုံးဝပါဝင်မှာ မဟုတ်တော့ပါဘူး။ နောက်ထပ် အကျိုးဆက်ကတော့ Core M Processor ကြောင့် မြန်နှုန်းမြင့် 2 in 1 မျိုးစပ် Tablet တွေ၊ စီးပွားရေးလုပ်ငန်းသုံး Tablet တွေ၊ All-in-one PC အသစ်တွေ ထပ်မံ ပေါ်ထွက်လာစေမှာဖြစ်ပါတယ်။

ပထမအဆင့် ထွက်ရှိလာမယ့် Core M Processor တွေကို Core M-5Y70, Core M-5Y10a နဲ့ Core M-5Y10 ဆိုပြီး Y series အဖြစ် တွေ့မြင်ကြရမှာဖြစ်ပြီး CPU အမြန်နှုန်းအဖြစ် 800 MHz က 2.6 GHz အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ Intel ဟာ Core-i Series တွေရဲ့ နောက်က Core M CPU အသစ်ကို Y series အဖြစ် စတင်လိုက်ပါတယ်။ 


Core M ရဲ့ အနောက်က 5 ဟာ အရင်အတိုင်း i5 ကို ရည်ညွန်းတာဖြစ်ပြီး Y ကတော့ Broadwell-Y ကို ရည်ညွှန်းတာဖြစ်ပြီး 70 ကတော့ သူ့ရဲ့ တည်ဆောက်ပုံကို ခေါ်ဆိုတာဖြစ်ပါတယ်။ Graphic အနေနဲ့ HD 5300 built-in ပါဝင်ပြီး L3 Cache (4M) ပါဝင်မှာဖြစ်ပါတယ်။ LPDDR3 1600 MHz အထိ အထောက်အပံ့ပေးနိုင်ပြီး desktop PC တွေနဲ့ အဆင့်မြင့် laptop တွေမှာသာ အသုံးပြုနိုင်တဲ့ Intel VT-d/VT-x နည်းပညာတွေလည်း အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ 

HD 5300 ဟာ DirectX 11.2, OpenGL 4.2, OpenCL 2.0 အစရှိတဲ့ GPU အထောက်အပံ့တွေ ပါဝင်လာပြီး UltraHD (3840x2160) display ကို အထောက်အပံ့ပေးနိုင်လာမှာဖြစ်ပါတယ်။ 4K Video အဖြစ်ရိုက်ကူးထားတဲ့ Video တွေကို 4K မျက်နှာပြင်ပေါ်မှာ ပြန်ကြည့်နိုင်တော့မှာဖြစ်ပါတယ်။ 

စွမ်းဆောင်ရည်အပိုင်းမှာ ယခင် မျိုးစပ် Tablet တွေရဲ့ အမြန်နှုန်းထက် ၂ ဆ ကျော်မြန်ဆန်လာပြီး ဘက်ထရီသက်တမ်း 20 ရာခိုင်နှုန်းကျော် ခံနိုင်ရည် ရှိပြီး Intel Wireless Display နဲ့ PC I/O အဖြစ် USB 3.0, SATA, PCIe အစရှိတဲ့ ချိတ်ဆက်မှုတွေ တိုက်ရိုက် လက်ခံနိုင်တော့မှာဖြစ်ပါတယ်။ 

ယခုနှစ်ကုန်ပိုင်းမှာ ထွက်ရှိလာမ့် Acer Aspire Switch 12, Asus Zenbook UX305, Dell Latitude 13, HP Envy x2, Lenovo Thinkpad Helix အစရှိတဲ့ 2 in 1 Tablet တွေဟာ ဈေးကွက်ထဲ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Intel ရဲ့ Processor ထုတ်လုပ်မှုဆင့်ကဲဖြစ်စဉ်ကတော့ သူ့ရဲ့ နရီစည်းဝါးအတိုင်း ပုံမှန်လည်ပတ်လျက်ရှိပြီး ယခုနှစ်အတွက် ထွက်ရှိလာမယ့် Broadwell နဲ့ ကတော့ မိုဘိုင်းထုတ်ကုန်ရော တခြားနည်းပညာထုတ်ကုန်တွေအတွက်ပါ ကြီးမားတဲ့ အပြောင်းအလဲကို ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။


TechSpace , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment