Pages

Thursday, May 9, 2013

ဒါရိုက်တာဇင်မင်း ရက်စက်စွာ အသတ်ခံခဲ့ရသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း အဓိက ပြစ်မှုကျူးလွန်သူကို မမိသေးသည့်အပြင် ခရိုင်တရားရုံးတွင် လိုပြသက်သေ စစ်ဆေးသည့် အဆင့်သာ ရှိနေ

Thursday,May09,2013

ဒါရိုက်တာဇင်မင်း အသတ်ခံခဲ့ရသည်မှာ နှစ်နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုအထိ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ သိရသည်။ ထို့ပြင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှစ၍ အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိသည့် ဒါရိုက်တာဇင်မင်းအမှုမှာ လိုပြသက်သေ စစ်ဆေးသည့် အဆင့်သာ ရှိသေးကြောင်း သေဆုံးသူ ကိုဇင်မင်း၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုးက ပြောသည်။ ရဲစစ်ချက်များအရ တရားလိုပြသက်သေ ၁၈ ဦးအထိ ရှိနေခြင်း၊ တရားခွင်တရားသူကြီး အပြောင်းအလဲ ရှိခြင်းနှင့် အဓိကတရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးခြင်းတို့မှာ အမှုကို ကြန့်ကြာစေသည်ဟု ကိုဇင်းမင်း သူငယ်ချင်းဖြစ်သူက ထပ်မံပြောသည်။

"တရားလိုဘက်က ရှေ့နေဥပဒေ အရာရှိက ရာထူးတိုးလို့ပြောင်းတယ်။ စစ်ဆေးနေတဲ့ ရှေ့နေပြောင်းတယ်။ ဒါနဲ့အမှုကို အစက ပြန်စစ်ဆေးပြီး အခုတရားလိုပြ သက်သေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးကို စစ်နေတယ်လို့ သိရပါတယ်" ဟု ၎င်းကပြောသည်။

ပုဇွန်တောင်မြို့နယ် ရဲစခန်းတာ ၀န်ရှိသူတစ်ဦးကလည်း "ကျွန်တော်တို့ အခုသူ့ကို တရားခံပြေးအနေနဲ့ သတ်မှတ်ပြီး ရှာဖွေနေပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂ ရက် ည ၁၀ နာရီခန့်က သေဆုံးသူ ကိုသန့်ဇင်လတ် (ခ) ဇင်မင်းမှာ ကိုသိန်းထိုက်နှင့်အတူ ပန်းဘဲတန်း၊ သိမ်ကြီးဈေးရှိ ညကလပ်တစ်ခုအတွင်း ရှိနေစဉ် သန့်စင်ခန်းသို့သွားရာ လက်ရှိလူသတ်တရားခံအဖြစ် တရားစွဲဆို ခံထားရသူနှင့် အပေါင်းပါ တစ်ဦးတို့ တိုက်မိရာမှ အပြန်အလှန် စကားများရန်ဖြစ်ကာ ကိုသိန်းထိုက်မှာ ခေါင်းကွဲပြီး ထိုလူနှစ်ဦးမှာ ကလပ်မှကားဖြင့် ထွက်သွားခဲ့ကြသည်။

ယင်းသို့ ခိုက်ရန်ဖြစ်ပွားအပြီး ဒါရိုက်တာဇင်မင်းနှင့် ကိုသိန်းထိုက်တို့၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုး (လက်ရှိတရားလို) ရောက်ရှိလာပြီး ထိုကိစ္စအပေါ် ကျေနပ်မှုမရှိ၍ ကိုဇင်မင်းနှင့် ကိုသိန်းထိုက်တို့ နှစ်ဦးနှင့်အတူ Taxi ငှား၍ ထိုသူနှစ်ဦးနောက်သို့ လိုက်ခဲ့ကြကြောင်း၊ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းအရောက် ထိုသူနှစ်ဦးမှ ၎င်းတို့ကားကို ကိုဇင်မင်း၏ အငှားယာဉ်ရှေ့တွင် ပိတ်ရပ်ခဲ့သည်။

ထိုသို့ပိတ်ရပ်စဉ် ကိုဇင်မင်းသည် ကားထဲမှထွက်ကာ ပိတ်ရပ်ထားသော ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက်စဉ် ယာဉ်မောင်းမှ ကိုဇင်မင်း၏ လည်ပင်းအား သိုင်းဖက်ကာ ကားကို မောင်းပြေးသွားခဲ့သည်။

ထိုအခါ ကိုဇင်မင်းသည် ၄၅ လမ်းထိပ်မှ ၄၈ လမ်းထိပ်သို့ တရွတ်တိုက် ပါသွားကာ လမ်းဘေးရှိ ပါဂျဲရိုးနှင့် ဟိုင်းလတ်ကား နှစ်စီးတို့ကို ၀င်ရောက်တိုက်မိကာ ကိုဇင်မင်းမှာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် အဓိကကျူးလွန်ခဲ့သူမှာ လက်ရှိတွင် ထွက်ပြေးမြောက်နေဆဲဖြစ်ပြီး အပေါင်းအပါဖြစ်သူ မင်းဦးအား စစ်ဆေးလျက်ရှိသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့နယ် ရဲစခန်းမှ (ပ)၂၃၃/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် အ
မှုဖွင့်ခဲ့ပြီး လက်ရှိတွင် အရှေ့ပိုင်းခရိုင် တရားရုံး၊ ခရိုင်ဒုတိယ တရားသူကြီး တရားခွင် (၆) ၌ စစ်ဆေးလျက် ရှိသည်။

Eleven Media Group , Rangonnewsdaily
RND:  :9.5.2013

0 comments:

Post a Comment