BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ဗိုလ်ချုပ်လက်ရေးမူကို ၁၀ ရက်အတွင်း ပြန်ပို့ရန်တောင်းဆို

RangonNewsDaily:: Aug 2, 2013

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူကို သြဂုတ် လ ၁၀ ရက် နောက်ဆုံး ထားပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ရန် တောင်းဆိုကြောင်း ယင်းလက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းလက်ရေးမူကို သြဂုတ်လ ၁၀ ရက်အတွင်း ပြန်မပို့ပါက မြို့ခံ လူထုအင်အားဖြင့် ဆန္ဒပြ တောင်းဆိုမည် ဖြစ်ကြောင်း ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်က ရှင်းပြသည်။ “ရေနံချောင်းမြို့မှာ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံစေချင်တဲ့ဆန္ဒနဲ့ တောင်းဆိုတာပါ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပက်သက်၍ ရေနံချောင်းမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း ဥက္ကဋ္ဌ ကိုဘိုဘိုလွင်ကလည်း ဗိုလ်ချုပ်လက်ရေးမူကို အေးချမ်းစွာ ပြန်လည် တောင်း ခံခြင်းဖြစ်ပြီး ရေနံချောင်းမြို့သို့ ပြန်လည်ပေးပို့ခြင်း မရှိပါက ကော်မတီနှင့်အတူ ကျောင်းသား၊ ကျောင်းသူများလည်း ဆန္ဒဖော်ထုတ်မည်ဟု ပြောကြားသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ မှန်ဘောင်သွင်း သိမ်းဆည်းထားသော ယင်းလက်ရေးမူကို ဇူလိုင်လ ၁၉ရက်နေ့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရေနံချောင်းမြို့သို့ ရောက်ရှိစဉ် ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သားအရွယ်တွင် ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ရာ ပညာထူးချွန်သဖြင့် သတ္တမတန်းတွင် အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆုကို ရရှိခဲ့ဖူးပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ 
ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်း ကို ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားပြီး ဒေသခံများက ဗိုလ်ချုပ်ကျောင်းဟု အမည်သမုတ်ကြသည်။

မင်းမခ
The Voice ,RangonNewsDaily
kolatt (Pabedan): 2.8.2013