Pages

Thursday, October 30, 2014

လာလီဂါ အကောင်းဆုံးဆု ဟက်ထရစ်သိမ်းပိုက်သည့် ရော်နယ်ဒို


RangonNewsDaily:: October . 30 .2014
ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုသည် ၎င်း၏ ကစားသမားဘ၀တွင် ပထမဆုံးအကြိမ် တစ်နှစ်တာ အကောင်းဆုံး လာလီဂါ ကစားသမားဆု ဆွတ်ခူးသွားခဲ့သည်။ ပြီးခဲ့သည့် ရာသီက လာလီဂါပြိုင်ပွဲတွင် ရီးရဲလ်အတွက် (၃၁)ဂိုး သွင်းယူပေးနိုင်ခဲ့သော ရော်နယ်ဒိုသည် တစ်နှစ်တာ
အကောင်းဆုံး လာလီဂါ ကစားသမားဆု ရရှိခဲ့သည့်အပြင် အကောင်းဆုံးတိုက်စစ်မှူးဆုနှင့် အကောင်းဆုံး သွင်းဂိုးဆုများလည်း ရရှိခဲ့သည်။

ဗလင်စီယာနှင့်ပွဲတွင် နောက်ပေါက်ဖြင့် သွင်းယူခဲ့သည့် ရော်နယ်ဒို၏ဂိုးမှာ မက်ဆီ(အယ်လ်မီရီယာနှင့်ပွဲတွင် ကိုက်(၃၀)အကွာမှ သွင်းယူသည့် ပြစ်ဒဏ်ဘော ကန်ချက်)၊ ဒို့စ်ဆန်းတို့စ် (ဗလင်စီယာကို ၄-၁ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ၂၅ကိုက်အကွာမှ သွင်းယူသည့်ဂိုး)တို့၏ဂိုးများကို ကျော်ဖြတ်ကာ တစ်ရာသီအတွင်း အကောင်းဆုံးဂိုး အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

(၂၀၀၈-၀၉)ရာသီက စတင်ပေးအပ်သည့် လာလီဂါ အကောင်းဆုံး ကစားသမားဆုကို ပြီးခဲ့သည့် (၅)နှစ်ဆက် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ဆွတ်ခူးခဲ့ပြီးနောက်
ရော်နယ်ဒိုမှာ အကောင်းဆုံးဆု ရရှိသည့် ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။ 


“ရီးရဲလ် အသင်းဖော်တွေနဲ့ မိသားစုဝင်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘ၀ရဲ့ အမှတ်ရဖွယ် အခိုက်အတန့်ပါပဲ။ အသင်းလိုက် ဆုဖလားတွေ ရယူချင်သလို တစ်ဦးချင်း ဆုတံဆိပ်တွေလည်း လိုချင်ပါတယ်”ဟု မက်ဒရစ်မြို့တွင် ကျင်းပသည့် ဆုပေးပွဲ အခမ်းအနားတွင် ရော်နယ်ဒိုက ပြောသည်။


အက်သလက်တီကိုအတွက် (၁၈)နှစ်ကြာ ဝေးကွာနေသည့် လာလီဂါဖလား ပြန်လည်ရယူပေးနိုင်ခဲ့သော နည်းပြ ဆီမြွန်နီမှာ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဆွတ်ခူးခဲ့သည်။ လာလီဂါအသင်း(၂၀)မှ အသင်းခေါင်းဆောင်(၃)ဦးစီက မိမိတို့အသင်း ကစားသမားနှင့် နည်းပြများကို
ပြန်လည်မဲပေးခွင့်မရှိသည့် စည်းမျဉ်းဖြင့် အကောင်းဆုံး ကစားသမားဆုနှင့် အကောင်းဆုံး နည်းပြဆုများကို မဲပေးရွေးချယ်ခြင်းဖြစ်သည်။


အခြားဆုများ
ကေလာနာဗက်စ် (ရီးရဲလ်/လီဗန်တေး) -----အကောင်းဆုံး ဂိုးသမား
ရာမို့စ်(ရီးရဲလ်)........................................အကောင်းဆုံး ခံစစ်မှူး
မိုဒရစ်(ရီးရဲလ်).......................................အကောင်းဆုံး ခံစစ်ကူ ကွင်းလယ်လူ
အင်နီယေစတာ (ဘာစီလိုနာ)..................အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်
ဘရာဟီမီ (ဂရန်နာဒါ)............................အကောင်းဆုံး အာဖရိက ကစားသမား
ဘက်ကာ (ဆီဗီလာ).............................အကောင်းဆုံး တောင်အမေရိကကစားသမား
ရာဖင်ဟာ (ဆယ်လ်တာ/ဘာစီလိုနာ)......တိုးတက်မှုအရှိဆုံး ကစားသမား
ရာကီတစ်(ဆီဗီလာ/ဘာစီလိုနာ).............အသန့်ရှင်းဆုံး ကစားသမား

Football Café , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment