BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ရှေးအာမေးနီးယန်းအုတ်ဂူများ လင်ဇင်းကုန်းသုသာန်တွင်တွေ့

မန္တလေး၊ သြဂုတ် ၁၆

မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်ခန့် ကတည်းက ရှိခဲ့သည့်ဟု ယူဆရသည့် အာမေးနီးယန်း လူမျိုးများ၏ ရှေးကျသော အုတ်ဂူများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ လင်ဇင်းကုန်းသုသာန် အနောက်မြောက်ဘက်တွင် တွေ့ရှိကြောင်း မြန်မာဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က The Voice သို့ ပြောကြားသည်။ လွန်ခဲ့သော နှစ် ၇၀ ခန့်က အဆိုပါ နေရာတွင် ရှေးကျသော အာမေးနီးယန်း လူမျိုးများ၏ အုတ်ဂူ ၁၁ ဂူခန့် ရှိခဲ့သည်ကို သမိုင်းဆိုင်ရာ အထောက်အထား အချို့အရ သိရကြောင်း၊ လက်ရှိအဆိုပါ လင်ဇင်းကုန်းသုသာန် မြေနေရာ များကို ပြောင်းရွှေ့ခိုင်းသည့် အချိန်တွင်လည်း အာမေးနီးယန်း လူမျိုး ရှေးအုတ်ဂူများ တွေ့ရှိရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ချုံတွေနဲ့ ဖုံးနေတော့ အုတ်ဂူ ဘယ်နှလုံး ရှိလဲမသိဘူး။ ဒီအတိုင်း မြင်နေရတာကတော့ ရှေးအုတ်ဂူ နှစ်လုံးပဲ မြင်သာတယ်” ဟု တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။

အဆိုပါ လင်ဇင်းကုန်းသုသာန် အနီးရှိ ရှေးကျသော အာမေးနီးယန်း လူမျိုးများ၏ အုတ်ဂူများကို ကမ္ပည်းကျောက်စာများ အခိုင်အမာ ရှိသဖြင့် မပြောင်းရွှေ့ဘဲ ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ တာဝန်ရှိသူက ပြောကြားသည်။

မြန်မာ ကုန်းဘောင်မင်းဆက်များ ဖြစ်သော သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း လက်ထက်တို့၌ ခရစ်ယာန် ဘာသာဝင် အာရှနွယ်ဖွား အာမေးနီးယန်း လူမျိုးများက မြန်မာဘုရင်များထံ ခစားကာ အလုပ်လုပ်ခဲ့ကြကြောင်း၊ အဆိုပါ အုတ်ဂူများသည် ရှေးကျသော အုတ်ဂူများဖြစ်ပြီး မြန်မာဘုရင်များထံ ခစားခဲ့သည့် အာမေးနီးယန်း လူမျိုးများ ရှိခဲ့သည့် အထောက်အထား ဖြစ်နိုင်ကြောင်း တမ္ပဝတီ ဦးဝင်းမောင်က ထပ်လောင်းပြောကြားသည်။
 
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 17.8.2013