Pages

Friday, October 10, 2014

မြို့ပတ်ရထား လက်မှတ်ခနှုန်းထား ပြင်ဆင်ကောက်ခံမည်


RangonNewsDaily:: October . 10 .2014
မြန်မာ့မီးရထားက ပြောင်းလဲကောက်ခံမည့် ရန်ကုန်မြို့တော် မြို့ပတ်ရထား ရိုးရိုးတန်းလက်မှတ်ခ နှုန်းထားသစ်များကို နိုဝင်ဘာလတွင် စတင် ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည်က ယနေ့ ထုတ်ပြန်သည်။
လက်ရှိ ရောင်းချပေးနေသည့် အသွား၊ အပြန် ခရီးစဉ် နှစ်ကြောင်းအတွက် လက်မှတ်ခ ၁၀၀ ကျပ်ကို အသွား ၁၀၀ ကျပ်၊ အပြန် ၁၀၀ ကျပ် ပြောင်းလဲ သတ်မှတ်လိုက်ကာ ၁၅ မိုင် အကွာအဝေး ရှိသည့် ခရီးတိုအတွက် လက်မှတ်ခ ၅၀ ကျပ် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ဘူတာ တည်ဆောက်မှု အခြေအနေအရ နေရာတိုင်းမှ အဝင်၊ အထွက် လွယ်ကူပြီး ရန်ကုန်၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း ဘူတာများမှလွဲ၍ ကျန်ဘူတာများတွင် လက်မှတ်သိမ်းဆည်းနိုင်မှု မရှိသည့် အားနည်းချက်များကြောင့် ခရီးသည်အချို့က လက်မှတ်အပ်နှံခြင်း မရှိသည့်အပြင် လက်မှတ် လက်ဆင့်ကမ်းမှုများ ကြုံတွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြို့ပတ်ကနေ တစ်နေ့ကို သိန်း ၈၀ ကျော်လောက် ရတယ်။ ဒီလို တိုးလိုက်တဲ့အတွက် ၁၀၀ တန် လက်မှတ်တွေ အားလုံး ဝင်ငွေ တစ်ဆတိုးသွားမယ်။ ဆီဖိုးတော့ ကိုက်သွားမယ်” ဟု မြန်မာ့မီးရထား တိုင်း (၇) လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က ဆိုသည်။

တစ်ရက်လျှင် ၂၁၁ ခေါက် ပြေးဆွဲပေးနေသည့် ၁၈ တွဲဆိုင်း ရှိသည့် ရိုးရိုးတန်း ရထားတွဲကို စီးနင်းသူ ၄၈,၀၀၀ နှင့် ၅၀,၀၀၀ ဦးရေကြား ပျမ်းမျှစီးနင်းနေပြီး ၂၄ သိန်းကျော် ဝင်ငွေရရှိလျက် ရှိနေကြောင်း မြန်မာ့မီးရထားထံမှ သိရှိရသည်။

ရန်ကုန်မြို့ပတ်ရထားများတွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၆ ရက်မှစ၍ RBE အမျိုးအစား အဲကွန်းရထားများ ထည့်သွင်းခဲ့ပြီး အဲကွန်းရထား လက်မှတ်ခများကို ငွေကျပ် ၄၀၀ မှ ၃၀၀ ကျပ်၊ ငွေကျပ် ၃၀၀ တန် လက်မှတ်များကို ၂၀၀ ကျပ်သို့ လျှော့ချပေးခဲ့သည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment