Pages

Thursday, September 25, 2014

အိမ်ခြံမြေ တိုက်ခန်း ငှားရမ်းခ ဈေးနှုန်း များ ပြန်လည် မြင့်တက်

RangonNewsDaily:: September . 25 .2014
တစ်ရှိန်ထိုး မြင့်တက်လာသည့် ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများကြောင့် ဆိုင်ခန်းငှားရမ်း၍ အလုပ် လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရ ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆိုင်ခန်းငှားရမ်း အလုပ် လုပ်ကိုင်သူများထံမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆိုင်ခန်းငှားရမ်းခ များမှာ တစ်နှစ် ထက်တစ်နှစ် ဈေးတက်လာခဲ့ရာ ယခုနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဆိုင်ခန်း အငှားဈေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။ ''ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းတွေက တစ်နှစ်ကို တစ်သောင်း၊ နှစ်သောင်းနီးပါး တက်လာတယ်။ အခုနှစ်ထဲမှာဆိုရင် ဆိုင်ခန်းငှားရမ်းခတွေက စံချိန်တင် မြင့်တက်လာ တယ်'' ဟု ဆိုင်ခန်း အငှားဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ယခင်က ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းနှင့် ရန်ကုန် အစွန်အဖျား မြို့နယ်များရှိ ဆိုင်ခန်းငှားရမ်းခ ဈေးနှုန်းများမှာ ကွာခြားမှုရှိခဲ့သော် လည်း ယခုအခါ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ ဆိုင်ခန်းငှားရမ်း ခ ဈေးနှုန်းနှင့် အစွန်အဖျား မြို့နယ်များရှိ ဆိုင်ခန်းငှားရမ်းခ များမှာ အပြိုင်အဆိုင် ဈေးနှုန်းမြင့် တက်လာခြင်းကြောင့် ဆိုင်ခန်းငှားရမ်း၍ စီးပွားရှာသည့် အလုပ် လုပ်ကိုင်သူများ အနေဖြင့် မိမိတို့အတွက် အမြတ်ကျန်အောင် လုပ်ဆောင်နေရကြောင်း ဆိုင်ခန်းငှား၍ ဆံပင်ညှပ်ဆိုင် ဖွင့်ထားသူ တစ်ဦးက ပြောသည်။ 


ထို့အပြင် စားသောက်ကုန်၊ အဝတ်အထည်နှင့် အခြားလူသုံးကုန် ပစ္စည်းများကို ဆိုင်ခန်းငှား၍ ရောင်းချသူများမှာ လည်း အမြတ်ကျန်ရန် အတွက် ပစ္စည်းများကို ဈေးနှုန်းမြှင့်ပြီး ရောင်းချနေရကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်ခြံမြေနှင့် တိုက်ခန်းအငှား ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေနှင့် တိုက်ခန်းအငှား ဈေးကွက်မှ သိရသည်။ ရန်ကုန်မြို့တွင်း၌ ယခင်က အိမ်နှင့် တိုက်ခန်း ငှားရမ်း နေထိုင် ခဲ့သူများမှာ ငှားရမ်းခဈေးနှုန်းများ မြင့်တက်လာသဖြင့် ရန်ကုန်မြို့ပြင် အစွန်အဖျား မြို့နယ် များသို့ ပြောင်းရွှေ့၍ နေထိုင် လာကြခြင်းကြောင့် အစွန်အဖျား မြို့နယ်များရှိ အိမ်၊ တိုက်ခန်းနှင့် မြေကွက် အငှားဈေးနှုန်းများမှာ ယခင်ကထက် ငါးဆနီးပါးခန့် ဈေး တက်သွားကြောင်း အိမ်ခြံမြေနှင့် တိုက်ခန်းအငှား အကျိုးဆောင် တစ်ဦးက ပြောသည်။


ယခင်က ရန်ကုန် အစွန်အဖျား မြို့နယ်ရှိ အိမ်ခြံမြေနှင့် တိုက်ခန်း ငှားရမ်းခများမှာ နေရာလိုက်၍ တစ်လလျှင် ငွေကျပ် ငါးသောင်းနှင့် ခြောက်သောင်း ဝန်းကျင်ရှိခဲ့ရာ မှ ယခုအခါ ငွေကျပ် တစ်သိန်းဝန်းကျင် အထိ ဈေးတက်လာ သည်။ 


ထို့အပြင် ယခင်ကမြေကွက်အလွတ် ငှားရမ်းခဈေးနှုန်း များမှာမြေကွက် အကျယ်ကို လိုက်ပြီး တစ်လလျှင် ငွေကျပ် လေးထောင်နှင့် ခြောက်ထောင် ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် တစ်သောင်းဝန်းကျင် အထိ ဈေးတက် သွားကြောင်း သိရသည်။

မကြာ သေးမီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြင့်တက်နေသည့် ရန်ကုန် အိမ်ခြံမြေနှင့် တိုက်ခန်း ရောင်း၊ ဝယ်၊ ငှား ဈေးနှုန်းများကို ထိန်းချုပ်ရန် စီစဉ်ခဲ့သော်လည်း ဈေးနှုန်းများမှာ ခဏသာ ငြိမ်သက်နေခဲ့ပြီး ယခုအခါ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

DVB , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment