Pages

Thursday, September 25, 2014

ဂျပန်အတွက် မြန်မာက အမှိုက်ပုံဖြစ်လာပြီလား

RangonNewsDaily:: September . 25 .2014
လွန်ခဲ့သည့်သုံးနှစ်ကျော်က အစိုးရသစ်၏ ကားတင်သွင်းခွင့်မူဝါဒသစ် ထုတ်ပြန်ပြီးနောက် မြန်မာပရိသတ်အကြိုက် ဂျပန်ကားအများစုကို တင်သွင်းလာကြပြီး ပြည်တွင်းဈေးကွက်တွင် အစားထိုးနေရာယူထားကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခင်လူဦးရေ တစ်သိန်းလျှင် ကားသုံးစီးဝယ်စီးနိုင်သည့် အခြေအနေမှ ယခု လူဦးရေတစ်သိန်းလျှင် ကား ၁၀ စီး ၀ယ်စီးနိုင်သည့် ခေတ်သို့ရောက်ရှိလာပြီဖြစ်သည်။

ဂျပန်တစ်ပတ်ရစ်လေလံဈေးကွက်မှ အလုံးအရင်းဖြင့် တင်သွင်းလာချိန်တွင် အများစုက ဈေးသက်သာသည့် သက်တမ်းလွန်ကားများထဲမှ အပြစ်အနာအဆာ အများဆုံးကားများ ဖြစ်လာသည်။ မူလက မောင်းနှင်ထားသည့် ကီလိုများကိုပင်လျှော့၍ မြန်မာနိုင်ငံ ကားဈေးကွက်သို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းကို အစိုးရက လျစ်လျူရှုထားကြောင်း ပြည်တွင်းကားအရောင်းပြခန်းပိုင်ရှင်များက ဝေဖန်လိုက်သည်။

‘‘မြန်မာနိုင်ငံက ဂျပန်ကားအမှိုက်ပုံလိုဖြစ်နေပြီ’’ဟု ရောင်နီဦးကားအရောင်းပြခန်းပိုင်ရှင် ဦးအောင်ဝင်းက ဆိုသည်။

ဂျပန်နိုင်ငံတွင် တိုက်ကြေပြီးသော ကားများကို ကျွမ်းကျင်သူများက ပြန်လည်အစားထိုးပြင်ဆင်ထားခြင်း၊ ဂျပန်နိုင်ငံရှိ ဆိပ်ကမ်းတွင်ပင် မူလမောင်းနှင်ထားသည့် ကီလိုများကိုလျှော့၍ ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်းလာမှုမှာ အစီးရေအမြောက်အမြားရှိနေပြီဖြစ်ကြောင်း ကားတင်သွင်းလာသူအချို့က စွပ်စွဲပြောဆိုသည်။

‘‘အခုမှ ဆိပ်ကမ်းက ထုတ်လာတာ ဂရိတ်ပြည့်တယ်။ ကီလို မလျှော့ထားဘူး’’ဟု အသက် ၄၀ အရွယ် ကားဝယ်ရောင်း ဦးမင်းမောင်က လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်း ကားဝယ်မည့်သူတစ်ဦးကို ပြောပြနေခြင်းဖြစ်သည်။

ကီလိုလျှော့လို့ရသလား

ဂျပန်နိုင်ငံရှိ မူလကားသုံးစွဲသူများက အနည်းဆုံး ကားတွင် ကီလိုတစ်သိန်းခွဲအထက် မောင်းနှင်ပြီးမှသာ လေလံစာရင်းတင်သွင်းကြသည်က များသော်လည်း အဆိုပါကားများ ရန်ကုန်သို့ဝင်လာသည့်အခါ ကားဝယ်ရောင်းစခန်းများ၊ ကားအရောင်းစင်တာအချို့တွင် တင်၍ရောင်းချပါက ကီလိုရှစ်သောင်းမှ တစ်သိန်းကျော်ကျော်သာရှိတော့သဖြင့် ယင်းကဲ့သို့ လိမ်လည်ရောင်းချနေမှုကို အမြန်ဆုံးစစ်ဆေးဖော်ထုတ်အရေးယူရန် လိုအပ်နေကြောင်း ဒေါင်ဖန်းကားအရောင်းပြခန်းပိုင်ရှင်က ရှင်းပြသည်။

‘‘မူလက မောင်းထားတဲ့ ကီလိုကို ရန်ကုန်က ၀ပ်ရှော့တွေမှာ လျှော့လို့ရနေပြီ။ အနည်းဆုံး သုံးသောင်း၊ အများဆုံး ငါးသောင်းလောက်ပဲရှိတယ်’’ဟု အဆိုပါအရောင်းပြခန်းပိုင်ရှင်က ဆိုသည်။

ဂျပန်ဆိပ်ကမ်းတွင် သင်္ဘောပေါ်သို့မတင်မီ ကီလိုလျှော့၍ တင်သွင်းလာမှုများလည်းရှိကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ဆိုသည်။

တောင်ဒဂုံ၊ တောင်ဥက္ကလာပ၊ ဒေါပုံအပါအ၀င် မြို့နယ်အချို့ တွင် ဂျပန်တစ်ပတ်ရစ်ကားများကို မူလကမောင်းနှင်ထားသည့် ကီလိုများလျှော့ပေးသော လုပ်ငန်းဆောင်ရွက်ပေးနေသည့် ၀န်ဆောင်မှုလုပ်ငန်းများရှိကြောင်း သိရသည်။ ယင်းကဲ့သို့ မူလက မောင်းနှင်ထားသည့် ကီလိုကို လျှော့ထားသည့် ကားများသုံးစွဲမိပါက ကီလိုတစ်သိန်းပြည့်နေသည်ကိုမသိဘဲ ဆက်လက်မောင်းနှင်အသုံးပြုနေမိသောကြောင့် နည်းပညာအခေါ်အဝေါ် တိုင်ပင်ကြိုးပြုတ်ထွက်သွားပြီး အင်ဂျင်ကို ထိုးခွဲမိသောကြောင့် အင်ဂျင်ကွဲသည့်ဖြစ်စဉ်များ ရန်ကုန်၏ ၀ပ်ရှော့အချို့တွင် မကြာခဏ ပြင်ပေးနေရကြောင်း စမ်းချောင်းမြို့နယ် အငယ်လေးဝပ်ရှော့မှ စက်ပြင်ဆရာတစ်ဦးက ပြောသည်။

‘‘အင်ဂျင်ကွဲသွားလို့ ပြန်လဲရင် ကားတစ်စီးကို အနည်းဆုံး ဆယ်သိန်းလောက်ကုန်တယ်’’ဟု အထက်ပါစက်ပြင်ဆရာကဆိုသည်။ အလားတူကားများကို တစ်လလျှင် လေးကြိမ်၊ ငါးကြိမ်နီးပါး ပြုပြင်ပေးနေရသည်ဟု အဆိုပါစက်ပြင်ဆရာက ခန့်မှန်းပြောဆိုသည်။

မူလက မောင်းနှင်ထားသည့် ကီလိုလျှော့ခြင်း၏ အကျိုးဆက် နောက်ဆက်တွဲတစ်ခုမှာ နည်းပညာအခေါ်အဝေါ် ကက်သလစ်ဖီဒါဟုခေါ်သည့် ရှားပါးသတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသောအရာကို လဲလှယ်ခြင်းမပြုဘဲ ခွဲထုတ်ခြင်း၊ ဖြတ်ထုတ်ခြင်းတို့ကြောင့် အင်ဂျင်ကိုပူစေပြီး လွန်ကဲသည့်အပူကြောင့် ကား၏အင်ဂျင်ကို များစွာဒုက္ခပေးကြောင်း နစ်ဆန်းကားဆားဗစ်စင်တာမှ နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

‘‘ဒီက ၀ပ်ရှော့တွေက မူလက ကီလိုကိုလျှော့ထားတဲ့ကားတွေကို နားမလည်ဘဲ လျှောက်လုပ်ကြတယ်’’ဟု အထက်ပါ အင်ဂျင်နီယာက ဝေဖန်သည်။

ကီလိုလျှော့ထားသည့် ကားများမှာ သာမန်ထက် ဈေးသက်သာနေတတ်ပြီး ဂျပန်လေလံဈေးကွက်မှ စတင်ဝယ်ယူစဉ် ကီလိုအများအပြား မောင်းနှင်ထားသော ကားများကို ကားတင်သွင်းသူများက ဈေးသက်သက်သာသာဖြင့် ၀ယ်ယူလာခဲ့ကြသည်ဟု ကားဝယ်ရောင်း ဦးမင်းမောင်က ရှင်းပြသည်။

‘‘ကီလိုအများကြီး မောင်းပြီးသား ကားကို ဂျပန်ကနေ ဈေးသက်သက်သာသာနဲ့ ၀ယ်လာတယ်။ ဒီရောက်တော့ ကီလိုလျှော့ပစ်လိုက်တယ်။ ရောင်းတော့ တခြားကားတွေထက် ဈေးကချိုတယ်။ ၀ယ်မယ့်သူက နားမလည်တော့ ကြိုက်တာပေါ့’’ဟု အထက်ပါ ၀ယ်ရောင်းက ရှင်းပြသည်။

ကားလောကတွင် ‘အပျိုပေါက်’ဟု လူသိများသည့် ပရိုဘောက်စ်ကားများတွင် အများဆုံး ကီလိုလျှော့၍ ရောင်းချနေကြသည်ဟု ဦးမင်းမောင်က ပြောဆိုသည်။ ကီလိုမလျှော့ဘဲရောင်းလျှင် ကားအမျိုးအစားပေါ်မူတည်၍ သိန်း ၁၀၀ ကျော် ရောင်းချမှ အမြတ်ကျန်မည်ဖြစ်သည်။ ထို့ကြောင့် ကီလိုအများအပြားသုံးထားသည့်ကားများမှာ လေလံဈေးကွက်တွင် ဂျပန်ယန်းဖြင့် ၀ယ်ယူပြီး မြန်မာငွေနှင့် တွက်ချက်ပါက ၁၅ သိန်းမှ သိန်း ၂၀ ကျော်ရှိပြီး ရန်ကုန်ဈေးကွက်အရောက်တွင် ကီလိုလျှော့ကာ သိန်း ၈၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ကြောင်း ဦးမင်းမောင်က တွက်ချက်ပြသည်။

ဂျပန်တစ်ပတ်ရစ်ကားများအနက် တင်သွင်းမှုအများဆုံးကားမှာ ပရိုဘောက်စ်ကားများဖြစ်ပြီး ဒုတိယမှာ ဘယ်တာ၊ တတိယမှာ ဟွန်ဒါဖစ်တို့ဖြစ်ကြောင်း ဂျပန်တစ်ပတ်ရစ်တင်ပို့မှုစိစစ်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ပူတိုက်ပြန်ပြင်ပြီး သွင်းနေသလား

ကီလိုလျှော့၍ ရောင်းချသည့် ဖြစ်စဉ်နှင့် တစ်ဆက်တည်းမှာပင် ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် တစ်ပတ်ရစ်ကားအချို့တွင် ထိခိုက်တိုက်ကြေထားသည့် ကားများကို အချိန်တိုအတွင်း ပြန်လည်ပြင်ဆင်ပြီး အလုံးအရင်းဝယ်ယူ တင်သွင်းလာကြခြင်းဖြစ်သည်။

တိုက်ကြေကားများကို ပြန်လည်ပြင်ဆင်ပြီး ဂျပန်လေလံဈေးကွက်မှ မြန်မာနိုင်ငံသို့ ယခုနောက်ပိုင်း ပိုမိုတင်သွင်းလာကြောင်း ရောင်နီဦးကားအရောင်းပြခန်း မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။

‘‘အဲဒီကားတွေကို R ကားတွေလို့ခေါ်တယ်။ တိုက်ထားတဲ့နေရာတွေကို လက်ပူတိုက်ပြန်ပြင်လာတာ ။ ဒီကိုသွင်းလာရင် လုံးဝမသိနိုင်ဘူး’’ဟု ဦးအောင်ဝင်းက ဆိုသည်။

ဂျပန်တစ်ပတ်ရစ်လေလံဈေးကွက်တွင် ဈေးသက်သာပြီး မြန်မာနိုင်ငံမှ ကားတင်သွင်းသူ လုပ်ငန်းရှင်အချို့က အပြိုင်အဆိုင် လေလံဆွဲဝယ်ယူနေသောကြောင့် အဆိုပါတိုက်ကြေများကို ပြန်လည်ပြုပြင်ထားသည့်ကားများမှာ ဈေးနှုန်းများပင် မြင့်တက်လာခဲ့သည်ဟု ဂျပန်လေလံဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်။

‘‘အဲဒီကားတွေက ဈေးအရမ်းသက်သာတော့ မြန်မာလုပ်ငန်းရှင်တွေ ၀ိုင်းဆွဲကြလို့ ဈေးတောင်တက်ကုန်ပြီ’’ဟု ဂျပန်ကားများကိုယ်တိုင်တင်သွင်းနေသူ ဦးလင်းမြိုင်က ဆိုသည်။

အဆိုပါကားများမှာ ဂျပန်နိုင်ငံတွင် အလုပ်သမားအများစုစီးနင်းထားခြင်း၊ တိရစ္ဆာန်များ၊ သားငါးများနှင့် ဆောက်လုပ်ရေးကုန်ကြမ်းသုံးပစ္စည်းများ တင်ဆောင်ထားခြင်းတို့ကြောင့် ကားအများစုမှာ ဆိပ်ကမ်းမှ တင်သွင်းလာစဉ်ကတည်းကပင် ပျက်စီးမှုအချို့ပါရှိလာကြောင်း ဦးလင်းမြိုင်ကပြောသည်။

ဂျပန်တစ်ပတ်ရစ်တင်ပို့မှု စိစစ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံသည် နယူးဇီလန်နှင့် ရုရှားနိုင်ငံပြီးပါက ကမ္ဘာတွင် ဂျပန်နိုင်ငံမှ တစ်ပတ်ရစ်ကားတင်သွင်းမှု အများဆုံးနိုင်ငံတွင် ပါဝင်လာပြီဖြစ်သည်။

မြန်မာနိုင်ငံသို့ အစီးရေနှစ်သိန်းခွဲမှ သုံးသိန်းအကြား တင်သွင်းထားပြီဖြစ်သည့် အဆိုပါကားများမှာ မြန်မာပြည်၏ လမ်းမများထက်တွင် အရည်အသွေးနိမ့် ဂျပန်ကားများအနေဖြင့် ပါဝင်လာပြီဖြစ်သည်။

‘‘ကားဝယ်မယ့်သူတွေကို မှန်မှန်ကန်ကန်ရောင်းပေးဖို့ လိုအပ်နေပြီ။ ၀ယ်မယ့်သူတွေအနေနဲ့လည်း နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီးဝယ်သင့်တယ်’’ဟု မော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းကဆိုသည်။ ထို့ကြောင့် ယင်းကဲ့သို့ တိုက်ကြေကားများ ကီလိုလျှော့ထားသည့်ကားများကို မ၀ယ်ယူမိစေရန် ဂျပန်နိုင်ငံမှ တင်သွင်းလာစဉ်ကတည်းက ဂျပန်အင်ဂျင်နီယာများ ကိုယ်တိုင်ရေးသားသတ်မှတ်ပေးလိုက်သည့် ကန်ဆန်လေးရှင်းရှစ်ခေါ် ပြစ်မှုဖော်ပြထားသည့် သက်သေခံစာရွက်ကိုပါ တစ်ပါတည်း တောင်းယူကြည့်ရှုနိုင်ကြောင်း ကားလုပ်ငန်းရှင်များက အကြံပြုပြောဆိုထားသည်။

ထို့ပြင် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကလည်း ယင်းကိစ္စအပေါ်ကို အမြန်ဆုံးထိရောက်စွာ ဟန့်တားရန် လိုအပ်နေပြီဖြစ်ကြောင်း ကားလုပ်ငန်းရှင်များကပြောသည်။


7Day News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment