Pages

Thursday, September 25, 2014

ကံကြီးကုန်း၊ ဇီးအုပ်ကျေးရွာ စီမံကိန်း မြေယာများအား အရောင်းအ၀ယ် ပြုလုပ်သူ များကို စိစစ်မည်

RangonNewsDaily:: September . 25 .2014
နိုင်ငံတော်ပိုင် အဖြစ် သိမ်းယူထားသည့် မြေယာ များကို အစိုးရ အပြောင်းအလဲ ကာလအတွင်း အကွက်ရိုက် ရောင်းချခဲ့ မှုကြောင့် မြေကွက်ပေါင်း တစ်သောင်းနီးပါး၊ အိမ်ခြေ သုံးထောင်ကျော် အထိ ရောင်းမှားဝယ်မှား ဖြစ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီး တံခွန် မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ် ကျေးရွာမြေ နေရာများကို ပြန်လည် စိစစ် သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဘက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က The Messenger Media သို့ ပြောသည်။
ရောင်းတဲ့ သူကို အရေးယူဖို့ ရှိသလား ဆိုတော့ အခု အကုန်လုံး စိစစ်ရတော့ မှာလေ။ အခု အကုန်လုံးကို လိုက်ပြီးတော့ စိစစ်ရတော့မှာ။ သူတို့ တိုင်လာရင် စိစစ်တော့မှာပါ။ ဥပဒေ ကြောင်းအရပဲ ဖြစ်ဖြစ် ဒါဟာ ရာဇ၀တ်မှု ဖြစ်သွားပြီ။ အကုန်လုံးကို စိစစ်မှာပါ။ အမှန်အတိုင်း ပြောရရင် ဒါဟာ လိမ်လည်မှုပဲ ဟု ၎င်းက ပြောသည်။

အဆိုပါ မြေကွက်များကို မူလ မြေပိုင်ရှင်များမှ လည်းကောင်း၊ အုပ်ချုပ်ရေးမှူး အချို့မှ လည်းကောင်း၊ တပ်မတော် အရာရှိ အချို့မှ လည်းကောင်း ပွဲဈေးတန်းတစ်ခု သဖွယ် (၂၀၁၁) ခုနှစ် ၀န်းကျင်ခန့်က လာရောက် ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရောင်းမှား ၀ယ်မှား ဖြစ်ခဲ့ကြတယ် ဆိုရင် ကျွန်မတို့ကို စရောင်းတဲ့ အချိန်မှာ ဘုရားပွဲ ဈေးကြီးလို အုပ်အော်သောင်းနင်းနဲ့ ရောင်းနေကြတာပါ။ ကားကြီးတွေနဲ့ လာရောင်းကြတာပါ။ ဒါဟာ ဥပဒေနဲ့ ငြိစွန်းနေပါတယ် ဆိုရင် လာပြီးတော့ အရေးယူ မယ့်သူ၊ တားဆီးမယ့် လူလည်း တစ်ယောက်မှ မရှိ ပါဘူး။ သက်ဆိုင်ရာက ဘာလို့ မတားမြစ်ခဲ့ တာလဲ ဟု မန္တလေးတိုင်းဒေသကြီး ကံကြီးကုန်း ကျေးရွာမှ ဒေါ်အိက ပြောသည်။ မြေယာ အကွက်ရိုက် ရောင်းချ သူများတွင် သာမက ခိုင်မာသည့် အထောက်အထား ရှိ/မရှိ မစစ်ဆေးဘဲ ၀ယ်ယူခဲ့ကြသည့် မြေယာ ၀ယ်ယူခဲ့သူများ တွင်လည်း တာဝန်ရှိ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျွန်တော် (၂၀၁၁)ခုနှစ်က အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ရောင်းတာကို ၀ယ်ခဲ့တာပါ။ အိမ်ထောင်စု ဇယားတွေလည်း ထုတ်ပေးတယ်။ အိမ် နံပါတ်ပြားလည်း ချပေးတယ်။ နိုင်ငံတော်က ထုတ်ထားတဲ့ စာချုပ်နဲ့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ရောင်းခဲ့တာ ဖြစ်လို့ စိတ်ချလက်ချ ၀ယ်ပြီးတော့ နေခဲ့ကြ တာပါ ဟု မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်၊ ဇီးအုပ် ကျေးရွာမှ ကိုဒေါင်းအိုးဝေ က ပြောသည်။ 


အဆိုပါ နေရာတွင် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် စာရင်းအရ အိမ်ခြေ (၁၁၁၃) လုံးသာ ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

အဆိုပါ မြေယာ ရောင်းမှားဝယ်မှား ဖြစ်ခဲ့ သူများကို မြရည်နန္ဒာအိမ်ရာ စီမံကိန်းဆောက်လုပ်ကာ တန်ဖိုးနည်း အိမ်ရာများကို ဦးစားပေးစနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ကံကြီးကုန်း၊ ဇီးအုပ် ကျေးရွာ တစ်ဝိုက်တွင် မြေကွက် ၀ယ်ယူကာ အမှန်တကယ် နေထိုင်လျှက်ရှိ သူများကလည်း ၎င်းတို့ လက်ရှိ နေထိုင်ကြသည့် မြေကွက်များပေါ်တွင်သာ နေထိုင်လိုကြောင်း သိရသည်။

ကံကြီးကုန်း၊ ဇီးအုပ် ကျေးရွာ တစ်ဝိုက်ရှိ လယ်ယာမြေ များသည် (၁၉၈၈) ခုနှစ် ၀န်းကျင်က နိုင်ငံတော်မှ စီမံကိန်းတစ်ခု အဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်ပြီး ယနေ့ အချိန်အထိ စီမံကိန်း ဖော်ဆောင်ခြင်း မရှိသည့် အတွက် ကြားကာလနှစ်များတွင် မြေယာလွှဲ ပြောင်းရောင်းချမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


Messenger News , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment