Pages

Thursday, September 25, 2014

လမ်းဘေးဈေးသည်လျှော့ချရေး နှစ်ထပ်ဈေးသစ်များ ဆောက်မည်ဟု မြို့တော်ဝန်ဆို

RangonNewsDaily:: September . 25 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ လမ်းဘေးဈေးသည်အရေအတွက်ကို ၂၀၁၅ခုနှစ်အတွင်း လျှော့ချနိုင်ရေး အတွက် လမ်းဘေးဈေးသည်များသော နေရာများ၌ နှစ်ထပ်ဈေးဆောက်လုပ်ပြီးနောက် အောက်ထပ်ကို လမ်းဘေးဈေးသည်များ ရောင်းချရန် စီစဉ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
အဆိုပါဈေးများဆောက်လုပ်ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအစိုးရသို့ ဘတ်ဂျက် တောင်းခံကာ ရရှိငွေပေါ် မူတည်ပြီး ဈေးဆောက်လုပ်မည်ဟု ၄င်းက ဆိုသည်။

“နိုင်ငံသားတိုင်းကို အစိုးရမှ အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ပေးရမယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တရားဝင်ပြဌာန်းထားတယ်။ အဲ့ဒါကြောင့် လမ်းဘေးဈေးသည်များကို အတင်းအကျပ် အရေးယူမဆောင်ရွက် နိုင်တာပါ။
::
အဲ့ဒါကြောင့် ၂၀၁၅ခုနှစ်မှာ လမ်းဘေးဈေးသည်တွေများတဲ့နေရာမှာ နှစ်ထပ်ဈေးကို ဆောက်ပြီး အောက်ထပ်ကို သူတို့ ဈေးရောင်းချနိုင်ရန် လာမည့်ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်တောင်းပြီး ရတဲ့ငွေအပေါ်မှာ မူတည်ပြီး နေရာရွေးချယ်ဆောက်လုပ်ပေးမှာပါ” ဟု မြို့တော်ဝန်ဦးလှမြင့်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူများနှင့် သက်ဆိုင်သော လမ်းများပေါ်တွင် စည်းကမ်းမဲ့စွာ ရောင်း ချနေသည့် ဈေးသည်များကို တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ကာ အစဉ်တစိုက် ထိ ရောက်စွာ
::
ကြပ်မတ်အရေးယူပေးပါရန် ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝင်းကိုလှ၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို မြို့တော်ဝန်က အထက်ပါအတိုင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

လမ်းဘေးဈေးသည်များအား အစိုးရအဖွဲ့မှ အတင်းအကြပ် ဈေးမရောင်းရစနစ်အသုံးပြုကာ အရေးယူဖမ်းဆီး သွားမည်ဆိုပါက ဈေးသည်များ အလုပ်လက်မဲ့ဖြစ်သွားမည်စိုးသဖြင့် အနည်းငယ်အလျှော့ပေးထားခြင်းလည်း ဖြစ်သည်ဟု တိုင်းအစိုးရက ဆိုသည်။
::
“လမ်းဘေးဈေးသည်တွေက ပျော်လို့ရောင်းတာမဟုတ်ဘူး။ သူတို့ရဲ့ စားဝတ်နေရေးအရရောင်းရတာ။ အဲ့ဒီ တော့ သူတို့ဘက်ကိုလည်း ပြန်ကြည့်ရမယ်။ ဒါပေမယ့် သူတို့တွေကြောင့်လည်း လမ်းသွားလမ်းလာတွေ အခက်အခဲအများကြီးဖြစ်တယ်။ အဲ့ဒါကြောင့် လမ်းဘေးဈေးသည်တွေ မရှိစေဖို့အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရမယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ဆွေးနွေး တင်ပြသည်။
::
လမ်းဘေးဈေးသည်များမှာ ယခင်ကထက် ပိုမိုများပြားလာရခြင်းမှာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၏ အဂတိလိုက်စားမှုများလည်း ပါဝင်နေကြောင်း ဥပဒေကို သိသိကြီးနှင့် အရေးမယူခြင်းသည်လည်း ကြံရာပါ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေး (၁/၂၀၁၄)(ပထမနေ့) ပြောကြားခဲ့သည်။

မြစ်မခမီဒီယာ ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment