Pages

Saturday, September 6, 2014

ဆက်သွယ်ရေးဆင်းမ်ကတ်မရ၍ ပန်းဆိုးတန်းလမ်းတွင် လူ ၂၀၀ ခန့် ဆူပူ


RangonNewsDaily:: September . 6 .2014
ကျပ်၁၅၀၀ တန် ဆက်သွယ်ရေးဆင်းမ်ကတ် ရောင်းချ သော အိုတူးဖုန်းဆိုင်မှ ဆင်းမ်ကတ် များ လုံလောက်စွာ ရောင်းချခြင်း မရှိဟုဆိုကာ ဖုန်းကတ်ဝယ်ယူ လိုသူများက အဆိုပါ ဆိုင်ရှိရာ ပန်းဆိုးတန်းလမ်းတွင် ဆူပူမှု များပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်တွင် ကျပ်၁၅၀၀ တန် အမ်ပီတီဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်၍ ၀ယ်ယူလိုသူ ၂၀၀ ခန့်က နံနက် ၆ နာရီ မှစ၍ ထိုဆိုင်ရှေ့၌ တန်းစီစောင့်ဆိုင်း နေခဲ့သည်။ ဆိုင်ဖွင့်ချိန်တွင် ဆင်းမ်ကတ် အနည်းငယ်သာ ရောင်းချသောကြောင့် တန်းစီ စောင့်ဆိုင်းနေသူများက ၀ယ်ယူ မရရှိ၍ ဆူပူမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆူပူမှုများကြောင့် အိုတူးဖုန်းဆိုင်သည် ရောင်းချခြင်း မရှိတော့ဘဲ ဆိုင်ပိတ်သွားခဲ့ရာ ဆင်းမ်ကတ်မရရှိသော သူများက အနီးအနားရှိ လျှပ်စစ်ပစ္စည်းများ ရောင်းချသော ဆိုင်အချို့ရှေ့သို့ သွားရောက်ကာ ဆူပူမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်၍ အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်အချို့လည်း ကြောက်လန့်၍ ဆိုင်ပိတ် ထားကြသည်။

‘‘မနက်ထဲက ဒီလိုဖြစ်နေ တာ ကမ္ဘာပျက်တဲ့အတိုင်းပဲ။ တချို့ဆိုင်တွေက ဖုန်းကတ်မရောင်းဘဲနဲ့ကို အဲဒီဆိုင်တွေရှေ့မှာ မြှောက်ပေးတဲ့သူရှိလို့ လုပ်နေကြတာ။ ဟိုဆိုင်ရှေ့သွား၊ ဒီဆိုင်ရှေ့သွား လုပ်နေကြတာ’’ဟု ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်အနီးတွင် ဈေးရောင်းချသူ တစ်ဦးက ပြောသည်။

ဆင်းမ်ကတ်မရရှိ၍ တစ်နေကုန် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လုံခြုံရေးရဲတပ်ဖွဲ့များက ထိုနေရာသို့ လာရောက်ခြင်း မရှိပေ။ ထိုနေ့ညနေ ၅ နာရီခွဲအချိန်တွင် အိုတူးဖုန်းဆိုင်မှ တာဝန်ရှိ သူများက ဆင်းမ်ကတ်ရရှိရန် ဆိုင်တံဆိပ်ပါ စာရွက်တစ်ရာပေးဝေလိုက်မှာသာ လူစုကွဲသွားခြင်း ဖြစ်သည်။

‘‘အစ်မက တကယ်ကို ဖုန်း မရှိသေးလို့လာပြီး တန်းစီတာပါ။ မနက်ထဲက တန်းစီနေရတာ ည နေမှရတယ်’’ဟု ကျပ်၁၅၀၀ တန် ပုဇွန်တောင်မြို့နယ်မှ လာရောက် တန်းစီဝယ်ယူသော အမျိုးသမီး တစ်ဦးက ပြောသည်။

ထိုနေ့နံနက်ပိုင်းကလည်း ကျောက်တံတားမြို့နယ် မြို့တော် ခန်းမအနီးရှိ ဆမ်ဆောင်းမိုဘိုင်း ဖုန်း ရောင်းဝယ်ရေးဆိုင်တွင် အမ်ပီတီဆင်းမ်ကတ်လာရောက် လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများအား ဆိုင်တာဝန် ရှိသူတစ်ဦးက အပြင်လမ်းဘေးသို့ လွှင့်ပစ်၍ ဖုန်းလျှောက်ထားသူများက အဆိုပါ ဆိုင်ရှေ့တွင် ဆူပူမှုများဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၃ ရက်မှစ၍ လျှောက်ထားခဲ့သည့် ရာနှင့်ချီ သော မှတ်ပုံတင်မိတ္တူများကို အဆိုပါ အရောင်းဆိုင်၏ ဘေး ပေါက်လမ်းမပေါ်တွင် လွှင့်ပစ် ထားခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးက ယခင်ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သော အမ်ပီတီဆင်းမ်ကတ်များကို ယခုစက်တင်ဘာ ၁ ရက်မှစ၍ ကျပ် ၁၅၀၀ ဖြင့် ရောင်းချ ခဲ့ခြင်း ဖြစ်သည်။

ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်တွင် ဆင်းမ်ကတ်ဝယ်ယူရန် စောင့်ဆိုင်းနေသူများ(ဓာတ်ပုံ − ကျော်ဇင်သန်း)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment