Pages

Sunday, August 31, 2014

မေမြတ်နိုး၏ Miss Asia Pacific World သရဖူ ရုပ်သိမ်းခံရ မှုအား နိုင်ငံတကာ သတင်းများတွင် ဖော်ပြမှုက နိုင်ငံ့ဂုဏ်သိက္ခာကို ကျဆင်းစေသလိုဖြစ်နေ

RangonNewsDaily:: August . 31 .2014
၂ဝ၁၄ ခုနှစ်အတွက် Miss Asia Pacific World ဆုကို ရရှိထားသည့် မြန်မာအလှမယ် မေမြတ်နိုးသည် လက်မခံနိုင်သော အပြုအမူများ ဆောင်ရွက်ခဲ့သည်ဟု ပြိုင်ပွဲစီစဉ်သူက စွပ်စွဲပြောကြားခဲ့ပြီး ၎င်းသည် ကုန်ကျစရိတ်အခမဲ့ ရင်သားခွဲစိတ်မှုကို ခံယူ၍ အလှမယ်သရဖူနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းအလှမယ်ပြိုင်ပွဲ စီစဉ်သူက ပြောကြားခဲ့ကြောင်း သိရသည်။
သရဖူရုပ်သိမ်းခံရခြင်းနှင့် ပတ်သက်၍ New York Daily, BBC, AP, AFP အစရှိသည့် နိုင်ငံတကာ မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေသည်ကို တွေ့ရှိရသည်။

အလှမယ်ဆု ရုပ်သိမ်းခံရသော မေမြတ်နိုးသည် ဒေါ်လာ ၁ဝဝ,ဝဝဝ တန် အလှမယ်သရဖူကို ခိုးယူထွက်ပြေးနေသည်ဟု စွပ်စွဲခံနေရကြောင်း အေပီကလည်း ဖော်ပြခဲ့သည်။ “သရဖူကို ပိုင်ဆိုင်နေမယ်ဆိုရင် အလှမယ်အဖြစ် ဆက်ရှိနေဦးမယ်လို့ သူကထင်ထားပါတယ်။

ဒါပေမဲ့ အဲဒီလို မဟုတ်ပါဘူး” ဟု ကိုရီးယားအခြေစိုက် အလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုက်တာ ဒေးဗစ်ကင်က ပြောကြားခဲ့သည်။ မေမြတ်နိုးသည် လိမ်လည်ခဲ့ပြီး ယုံကြည်စိတ်ချ၍ မရကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားခဲ့ပြီး အသေးစိတ်ကို မပြောကြားခဲ့ပေ။

နိုင်ငံတကာသတင်းများတွင် မြန်မာအလှမယ်သည် သရဖူကို ခိုးယူထားကြောင်း ယင်းကဲ့သို့ သတင်းဖော်ပြခံရမှုများက မြန်မာနိုင်ငံသားများအတွက် အရှက်ရစရာ ဖြစ်စေခဲ့ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကျဆင်း သကဲ့သို့ဖြစ်ခဲ့သည်။


 မေလက အလှမယ်ဆုရရှိခဲ့သော အသက် ၁၈ နှစ်အရွယ် မေမြတ်နိုးနှင့် သူ၏မိခင်ကို ဆိုးလ်သို့ ၁ဝ ရက် လာရောက်ရန် အဖွဲ့က ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့နှစ်ဦးသည် သုံးလနေထိုင်ရေးအတွက် ဗီဇာရရှိရန် တရားမဝင် ကြိုးပမ်းခဲ့သည်ဟု အာရှပစိဖိတ် အလှမယ်ပြိုင်ပွဲက ဆိုသည်။

မေမြတ်နိုးသည် အလှမယ်ဆု ရုပ်သိမ်းခံရပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ နေဖွယ်ရှိကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။

ကေပေါ့ပ်စတား တစ်ယောက်ဖြစ်လာရန် ပြင်ဆင်ရေးအတွက် တောင်ကိုရီးယားသို့ ရောက်ရှိနေသော မေမြတ်နိုးသည် ရိုးသားမှု မရှိသည့်အပြင် ဆိုးရွားသည့် အပြုအမူကြောင့် အလှမယ်သရဖူကို ရုပ်သိမ်းခဲ့ကြောင်း ဒေးဗစ်ကင်က ဆိုးလ်တွင် ပြောကြားခဲ့သည်။

“သူက ကျွန်တော်တို့ကို အများကြီး လိမ်ခဲ့ပါတယ်။ သူ့ကြောင့် ဂုဏ်သတင်း ထိခိုက်လိမ့်မယ်လို့ ယခင်အလှမယ် တွေကလည်း တိုင်ကြားခဲ့ပါတယ်” ဟု ကင်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့သူ့ကို အုပ်ထိန်းလို့ မရပါဘူး။ ကျွန်တော်တို့ အရမ်းစိတ်ဆိုး ဒေါသထွက်ကြပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ကိုရီးယား ပြည်သူတွေကြား ဆက်ဆံရေးထိခိုက်မှာကို ကျွန်တော်တို့ မလိုလားပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

မေမြတ်နိုးကို ကေပေါ့ပ်စတားဖြစ်လာရန် အထောက်အကူဖြစ်စေမည့် ရင်သားခွဲစိတ် ပြုပြင်ရန်အတွက် အဖွဲ့က ဒေါ်လာ ၁ဝ,ဝဝဝ ပေးခဲ့ကြောင်း ကင်က ပြောကြားခဲ့သည်။ ထို့ပြင် အလှမယ်မေမြတ်နိုးအား ကေပေါ့ပ်စတားဖြစ်လာစေရန် နှစ်ရှည် လေ့ကျင့်မှုအစီအစဉ်နှင့် ရင်းနှီးမြုပ်နှံမှုအဖြစ် ကကွက်စီစဉ်ဖန်တီးသူများ၊ နေထိုင်ရန်နေရာတို့ စီစဉ်ပေးခဲ့ကြောင်း၊ ထို့ပြင် အသံသွင်းရန် အယ်ဘမ်နှစ်ခုကို ပြင်ဆင်ခဲ့ကြောင်း ကင်ကပြောကြားခဲ့သည်။

Miss Asia Pacific World ၏ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ မလှနုထွန်းက မေမြတ်နိုး၏ အနုပညာလုပ်ငန်းများတွင် မည်သူက တာဝန်ယူမည်ဆိုသော အချက်နှင့်ပတ်သက်၍ ပြိုင်ပွဲစီစဉ်သူများနှင့် သဘောထားကွဲလွဲမှု ရှိခဲ့ကြောင်း၊ မေမြတ်နိုး၏ မိခင်ကလည်း သမီး၏အနုပညာ လုပ်ငန်းများကို အုပ်ထိန်းလိုကြောင်း ပြောကြားခဲ့သည်။

မေမြတ်နိုးသည် သရဖူစွန့်လွှတ်ရခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment