Pages

Sunday, August 31, 2014

ရွှေဘိုအထက်ပိုင်းရှိ ဆင်းကွတ်ဆည်ရေတံခါး ကျိုးကျမှုကြောင့် ကျေးရွာအများအပြား ရေကြီးရေလျှံမှုဖြစ်ပေါ်

RangonNewsDaily:: August . 31 .2014
ဩဂုတ် ၂၉ ရက်ညက မိုးရွာသွန်းမှုများပြားခဲ့ပြီးနောက် ရွှေဘိုအထက်ပိုင်းရှိ ဆင်းကွတ်ဆည်ရေတံခါး ကျိုးကျခဲ့ကာ ကျေးရွာအများအပြား ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်းနှင့် ထောင်ချီသောဒေသခံများစွာမှာ ရေလွှမ်းမိုးမှုကြောင့် ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့နေကြရကြောင်း သိရသည်။ ရေလွှမ်းမိုးမှုကြောင့် မင်းကျောင်း၊ ဆင်းကွတ်၊ ပဂိုးကုန်း၊ ပိတ္တော၊ ရွှေကူအစရှိသော ကျေးရွာများမှာအဆိုးဆုံး အခက်ကြုံနေကြရသည်။
“မနေ့ (ဩဂုတ် ၂၉ ရက်) ညကနေဒီနေ့ (ဩဂုတ် ၃ဝ ရက်) မနက်ထိမိုးရွာတယ်။ တစ်ရွာလုံးရေမြုပ်တယ်။ ဘာပစ္စည်းမှသယ်ချိန် မရလိုက်ဘူး” ဟုမင်းကျောင်းကျေးရွာမှ တောင်သူဒေါ်ရီကဆိုသည်။

ရေနုတ်မြောင်းများ စနစ်မကျမှုကြောင့် မိုးရာသီကာလများတွင် နှစ်စဉ်ရေလွှမ်းမိုးမှုဒဏ်ကို ရွှေဘိုနယ်အရှေ့ပိုင်းရှိ ကျေးရွာများစွာ ကြုံတွေ့နေကြရသော်လည်း ယခုနှစ်မှာအဆိုးရွားဆုံးဖြစ်ကြောင်း ရေဘေးဒဏ်သင့် သူများကဆိုသည်။ ရေလွှမ်းမိုးမှုကြောင့် စိုက်ခင်းများပျက်စီးဆုံးရှုံးမှု၊ ရိတ်သိမ်းထားသည့်သီးနှံများ ပျက်စီးဆုံးရှုံးမှု၊ သောက်သုံးရေကန်များ ပျက်စီးမှုများအပြင် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူမှုကိစ္စအဝဝ ထိခိုက်နစ်နာနေရသည်ဟု ရေဘေးသင့်ဒေသခံများက ဆက်လက်ပြောကြားသည်။

“လှောင်ထားတဲ့ နှမ်း၊ ပဲ၊ စပါး အားလုံးပျက်စီးသွားပြီ။ မိုးစပါးအတွက် ကြဲထားတဲ့ပျိုးခင်းတွေလည်း ပါသွားပြီ။ အခုလောလောဆယ်တော့ ဌာနဆိုင်ရာနဲ့ လူမှုကူညီရေးအသင်း တချို့က ထမင်းထုပ်ဝေပေးတာ စားနေရတယ်။ ရေမကျခင်မှာ နေထိုင်စရာအခက်အခဲရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ကျွန်မတို့အကူအညီ လိုပါတယ်” ဟုမင်းကျောင်းကျေးရွာမှ တောင်သူဒေါ်ယုက ပြောကြားသည်။

ဆည်ရေတံခါးကျိုးပေါက်ရာမှ ဖြစ်ပေါ်လာရသောရေကြီး ရေလျှံမှုကြောင့် ဒေသခံများကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ဘတ်ဂျက်ငွေမရှိကြောင်းနှင့် ပြင်ပစေတနာရှင်များထံမှ အလှူငွေ ကောက်ခံလျက်ရှိကြောင်း ရွှေဘိုခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက ပြောကြားသည်။

“အရင်ထက်စာရင်တော့ တော်သေးတယ်ပြောရမှာပေါ့။ နှစ်တိုင်းရေကြီးနေတာ တစ်ခေါက်မှ အကူအညီမရဖူးဘူး။ ဒီနှစ်တော့ရဲတွေရော၊ ဌာနဆိုင်ရာတွေရောလာကြတယ်။ သူတို့တွေဝေတဲ့ ထမင်းထုပ်လည်းစားရတယ်” ဟု မင်းကျောင်းကျေးရွာမှ တောင်သူဒေါ်ခင်က ပြောကြားသည်။

ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို လက်ရှိအချိန်တွင် ကောက်ခံ၍မရနိုင်သေးကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများက ပြောကြားပြီး မြေပြင်အခြေအနေများအရ ပျက်စီးဆုံးရှုံးမှုမှာ သိန်းရာပေါင်းများစွာ ရှိနိုင်ဖွယ်ဖြစ်ကြောင်း စုံစမ်းသိရသည်။

“ရွာတွေကတော့ နှစ်တိုင်းဒုက္ခရောက်တာပေါ့။ ဒီနှစ်ကတော့ မြို့ထဲပိုင်းတွေပါ ထိခိုက်တယ်။ ရွှေဘိုတက္ကသိုလ်နဲ့ အနီးတစ်ဝိုက်မှာဆို ဓာတ်တိုင်တွေလဲတယ်။ တက္ကသိုလ်ထဲမှာဆိုလည်း ရေကြီးနေတယ်။ ဂျီတီစီသွားတဲ့လမ်းမှာ လမ်းတွေက တွင်းပေါက်ကြီးတွေ ဖြစ်ကုန်တယ်” ဟုရွှေဘိုမြို့ခံဦးစိုးက ပြောကြားသည်။

“စိုက်ချိန်ပြီးခါနီးအထိ မိုးကမရွာတဲ့အတွက် မိုးကောင်းတောင်သူအများစုက အခြောက်ထွန်ပြီး ပျိုးကြဲထားကြတာ။ အခုတော့ဆည်ရေတံခါးကျိုးလို့ ပျိုးတွေအကုန်ပျက်ပြီ။ တချို့ပျိုးပင်ဝယ်စိုက်တဲ့ သူတွေကတော့ ပိုအထိနာတယ်။ ရေကျသွားရင်တောင် စပါးပြန်စိုက်နိုင်ဖို့ မဖြစ်နိုင်သလောက်ပဲ” ဟုပိတ္တောကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။

eleven , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment