Pages

Sunday, August 31, 2014

၂၀၁၅ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့်မည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဆို

RangonNewsDaily:: August . 31 .2014
မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း နှစ်ဆယ်ကျော် စီးပွားရေး ပိတ်ဆို့ထားခဲ့သော အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာချိန် လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ တရားမျှတရေးနှင့် ပွင့်လင်းမြင်သာမှု ရှိရေးအတွက် အနီးကပ် စောင့်ကြည့်မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ စီးပွားရေးနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Charles Rivkin က ပြောကြားသည်။
အမေရိကန်အစိုးရဖွဲ့ တစ်ခုလုံးက ယင်းရွေးကောက်ပွဲ အစအဆုံး လုပ်ငန်းစဉ်တိုင်းကို အထူးစောင့်ကြည့် လေ့လာမည် ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မြန်မာနိုင်ငံခရီးစဉ်တွင်လည်း အဆိုပါကိစ္စကို ပြောကြားထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သို့သော် အမေရိကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပါအဝင် အခြားမည်သည့် အကြောင်းအရင်းနှင့်မျှ အာဆီယံဒေသတွင်း နိုင်ငံများကို သက်ရောက်မှု မရှိနိုင်ကြောင်း၊ လက်ရှိတွင်လည်း အမေရိကန် ကိုယ်စားပြု ကုမ္ပဏီအမျိုးမျိုးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက် ရှိကြောင်း Mr.Charles Rivkin က ရှင်းပြသည်။


“ဒီလို ဘီလီယံနဲ့ချီပြီး စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းတဲ့နေရာမှာ အကြောင်းအရင်း တစ်စုံတစ်ရာမှ မူတည်ပြီး လုပ်ကြတာ မဟုတ်ဘူးလို့ပဲ ထင်တယ်” ဟု ၎င်းက ပြောကြားသည်။


မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီများ၏ ၂၀၁၂ ခုနှစ်မှ သြဂုတ်လ ၉ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု အချက်အလက်အရ အမေရိကန်ဒေါ်လာ သန်း ၆၁၂ သန်းရှိပြီး သြဂုတ်လ ၂၈ ရက်နေ့က အမေရိကန်ဒေါ်လာ သန်း ၄၈၀ ရှိ လျှပ်စစ်ကဏ္ဍတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုကို ထပ်မံ စတင်လိုက်ကြောင်း Mr.Charles Rivkin က ဥပမာပေး၍ ပြောကြားသည်။


နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားရာမှ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး နောက်ပိုင်း အမေရိကန် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ သိသိသာသာ တိုးတက်လာခဲ့သည်။


ယင်းအပြင် အမေရိကန်လွှတ်တော် အမတ်အချို့က မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားမပေးဘဲ နှစ်နိုင်ငံ ဆက်ဆံရေးကို ရပ်နားသင့်ကြောင်း ကန့်ကွက်စာကို ဇူလိုင်လကုန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီထံ ပေးပို့ထားသော်လည်း ၎င်းအနေနှင့် မြန်မာနိုင်ငံအပေါ် ဖိအားပေး ပြောဆိုမည် မဟုတ်ဘဲ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ပံ့ပိုးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment