Pages

Thursday, August 21, 2014

ခင်ပွန်းရှေ့တွင် မြန်မာအမျိုးသမီးကို မုဒိမ်းကျင့်သည့် ဓားပြများကို ထိုင်းအစိုးရ အရေးမယူဟုဆို

RangonNewsDaily:: August . 20 .2014
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီမြို့ လှေဆိပ်တစ်ခုတွင် ခင်ပွန်းရှေ့တွင် မြန်မာအမျိုးသမီး ဇနီးဖြစ်သူကို မုဒိမ်းမှု အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် ဓားပြသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က အရေးယူခြင်း မရှိကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
ယင်းကိစ္စ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေးကို မြန်မာသံရုံး တာဝန်ရှိသူများနှင့် သြဂုတ်လ ၂၂ရက်နေ့ တွေ့ဆုံရာ၌ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဓားပြများသည် ဇူလိုင်လ ၇ ရက်နေ့ ညပိုင်းတွင် အမျိုးသမီးကို ကြိုးတုပ်ပြီး မုဒိမ်းမှုကို နည်းလမ်းမျိုးစုံနှင့် အကြိမ်ကြိမ် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို ရဲတပ်ဖွဲ့ကို တိုင်ကြားသော်လည်း ရဲက အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း ဦးထူးချစ်က ပြောဆိုသည်။

“တန်းလျားကို ဝင်ဝင်ချင်း သူတို့ (ဓားပြ) က သေနတ်နဲ့ နားထင်ကို ချိန်ထားတယ်။ သူ့ယောက်ျားကို ကြိုးတုတ်တယ်။ မအော်နိုင်အောင် ပါးစပ်ထဲကို အဝတ်စုတ်တွေ ထည့်ထားတယ်” ဟု ကာယကံရှင် အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားကာ ၎င်းက ရှင်းပြသည်။


အမျိုးသမီးကိုလည်း လက်နှင့် ခြေများကို ကြိုးတုပ်ပြီး မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ် စာအုပ်နှစ်အုပ်နှင့် ဘတ် ၁၇၀၀ ကို ဓားပြများ ယူဆောင်သွားကြောင်း၊ အဆိုပါကိစ္စကို ရဲတပ်ဖွဲ့ကို ညတွင်းချင်း တိုင်ကြားခဲ့သော်လည်း မုဒိမ်းကျင့်ခံရသည့် မြန်မာအမျိုးသမီးကို ဆေးရုံပို့ကာ စစ်ဆေးချက်များ ရယူခြင်း မရှိဘဲ တစ်လခန့်ကြာမှသာ ဆေးစစ်ခိုင်းကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရှိရသည်။


“ထိုင်းအာဏာပိုင်တွေက အရေးယူမယ့်ပုံ မမြင်ဘူး။ ရွှေ့ပြောင်း အလုပ်သမားကိုယ်စား မြန်မာအစိုးရက တွန်းတွန်း တိုက်တိုက်ပေးမှပဲ ထိုင်းရဲတပ်ဖွဲ့တွေ အနေနဲ့ အရေးယူမယ်” ဟု ဦးထူးချစ်က သုံးသပ်သည်။


ဆူရတ်ဌာနီမြို့ရှိ ရော်ဘာခြံတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ နေထိုင်သည့် တန်းလျားတွင်လည်း ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဓားပြအဖွဲ့များ လာစဉ် တန်းလျားတွင်ရှိသည့် လုပ်သားများ ရိုက်နှက် ခံလိုက်ရကြောင်း၊ လုပ်သားများ ပိုင်ဆိုင်သည့် ရွှေ၊ ငွေများကို ယူဆောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံမှ သိရှိရသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment