Pages

Thursday, August 21, 2014

အသုံးပြုပြီး တစ်ရက်မပြည့်မီ သောင်တူးစက်ပျက် ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး အကန့်အသတ်မရှိ ရပ်ဆိုင်းဖွယ်ရှိ

RangonNewsDaily:: August . 21 .2014
ဓမ္မစေတီခေါင်းလောင်းနစ်မြုပ် နေသည်ဟု ယူဆရသောနေရာတွင် ရွှံ့ညွန် များဖယ်ရှားရေး အသုံးပြုနေသည့် သောင်တူးစက်မှာ တစ်ရက်မပြည့်မီမှာ ပင် စက်ချို့ယွင်း သွားသဖြင့် တူးဖော်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားရသည်ဟု ရှာဖွေရေးအဖွဲ့က ဆိုသည်။
သြဂုတ်လ ၉ ရက်နေ့ကတည်းက စတင်ခဲ့သော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးစီမံကိန်းသည် အစောပိုင်း ရက်များတွင် ခေါင်းလောင်းကြီး ရှိနေ နိုင်မည့်နေရာ များကို ရေငုပ်ရှာဖွေခဲ့ပြီး သြဂုတ်လ ၁၈ ရက်နေ့ကမှစ၍သတ်မှတ် နေရာရှိ ရွှံ့ညွန်များဖယ်ရှားရေးအတွက် သောင်တူးစက်အသုံးပြုကာ တူးဖော်နေ ခြင်း ဖြစ်သည်။

သို့ရာတွင် သောင်တူးစက်မှာ အသုံးပြုပြီး တစ်ရက်မပြည့်မီမှာပင် ချို့ယွင်းသွားသဖြင့် တူးဖော်မှုကို ရပ် ဆိုင်းထားရသည်ဟု ရှာဖွေရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသိန်းဟန် က ပြောသည်။
”သတ်မှတ်ထားတဲ့နေရာမှာ ရွှံ့ တွေ၊ သဲတွေစုပ်ထုတ်ဖို့ သောင်တူးစက် ကို သုံးနေတာ။ ခုအဲ့ဒီစက်က ပျက်သွား တော့ တူးဖော်ရေး ဆိုင်းငံ့ထားရတယ်” ဟု ဦးသိန်းဟန် က ပြောသည်။

လက်ရှိအနေအထားအရ ခေါင်း လောင်းကြီး ရှိနေနိုင်သည့် နေရာအတိ အကျကို မသိရသေးသော်လည်း ရှိနေ နိုင်သည်ဟု ယူဆရသော နေရာများကို သတ်မှတ်ကာ သောင်တူးစက် အသုံးပြု ပြီး ရှာဖွေနေခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။


”ဘာမှတော့ မထူးခြားသေးပါဘူး” ဟု ၄င်းက ဆိုသည်။
သောင်တူးစက်ပျက်သွားသဖြင့် တူးဖော်ရေးကို မည်ရွေ့မည်မျှရပ်ဆိုင်း ထားရမည်မှာလည်း မသေချာသေး ကြောင်း သောင်တူးစက်ကို ပိုင်ဆိုင်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အရာရှိ တစ်ဦးက ပြောသည်။


”သောင်တူးစက်က အသေးစား ချို့ယွင်းလို့ ပြင်ရင်တောင်မှ အနည်းဆုံး တစ်ပတ် ကြာတတ်တယ်။ တကယ်လို့ လိုအပ်တဲ့ပစ္စည်းတွေကို နိုင်ငံခြားလှမ်း မှာရရင်တော့ အနည်းဆုံး တစ်လတော့ ကြာမယ်”ဟု မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ဆိုသည်။
ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်တို့ဆုံရာ နေရာတွင် ခေါင်း လောင်းကြီးကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ရှာဖွေဆယ်ယူရေးအတွက် ကုန်ကျ စရိတ်ကျပ်ငွေသန်း ၂ဝဝ ခန့်ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း သိရသည်။နှစ်ပေါင်း ၄ဝဝကျော်ခန့် ရေအောက် တွင် နစ်မြုပ်နေ သည်ဟု အများကယူဆ ထားကြသော .ခေါင်းလောင်းကြီးကို ပြည်တွင်းမှသာမက ပြည်ပမှ စူးစမ်းလေ့ လာသူတို့ကပါ စိတ်ဝင်စားပြီး လာ ရောက်ရှာဖွေမှုများ ရှိခဲ့သည်။ သို့ရာ တွင် မည်သူမျှ ယခုအထိ အောင်မြင်မှု မရရှိသေးပေ။


ခေါင်းလောင်းကြီး ပျောက်ဆုံးမှု မှာလည်း ရှင်းလင်း ပြတ်သားမှု မရှိပေ။ ခရစ်နှစ် ၁၆ဝ၈ ခုနှစ်တွင် သန်လျင်နယ် ကို အပိုင်စားရယူထားသော ပေါ်တူဂီ လူမျိုး ဖိလစ် ဒီဘရစ်တို( ငဇင်ကာ) က ရန်ကုန်ကို သိမ်းပိုက်ပြီး ခေါင်းလောင်း ကြီးကို အမြောက်ဆံအဖြစ် ပြောင်းလဲ ရေးအတွက်ခေါင်းလောင်းကြီးကို ရွှေတိ ဂုံစေတီ ကုန်းတော်ပေါ်မှ သန်လျင်သို့ သယ်ယူရန်ကြိုးစားရာမှ ရန်ကုန်မြစ် အတွင်း ပြုတ်ကျ နစ်မြုပ်နေခဲ့သည်ဟု ဒဏ္ဍာရီ ရှိခဲ့သည်။ 


သို့ရာတွင် မည်သည့် သမိုင်းစာအုပ်တွင်မှ ထိုအကြောင်းကို
အတိအလင်း ရေးသားထားခြင်း မရှိဟု သမိုင်းလေ့လာသူတို့က ဆိုကြသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၈၄ ခုနှစ်တွင် မွန်ဘုရင် ဓမ္မစေတီမင်းက သွန်းလုပ်ပြီး ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းခဲ့သည်။


ယင်းခေါင်းလောင်းသည် ကြေး ပိဿာချိန် တန် ၃ဝဝဖြင့် သွန်းလုပ်ခဲ့ ခြင်း ဖြစ်ပြီး အလေးချိန်အားဖြင့် တန် ၁၇ဝ ထက်မနည်း ရှိနိုင်သည်ဟု သမိုင်း မှတ်တမ်းများက ဆိုခဲ့ရာ ကမ္ဘာ့အကြီး ဆုံးခေါင်းလောင်း ဖြစ်သည်ဟု သိရ သည်။

ခေါင်းလောင်းကြီး သွန်းလုပ်ပြီး နောက် နှစ်တစ်ရာခန့်အကြာတွင် ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာခဲ့ သောအီတလီနိုင်ငံဗင်းဆင့်မြို့မှ ရတနာ ကုန်သည်Gaspero Balbi က ယင်း၏ မှတ်တမ်းတွင် အလွန်တရာ ကြီးမား သော ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့ရ သည်ဟု အခိုင်အမာ ရေးသားဖော်ပြ ထားသည်။

popularmyanmar. , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment