Pages

Saturday, July 12, 2014

မြို့နယ်ရဲမှူးမောင်းသည့်ကား ကျောင်းကြိုလာသည့် လူအုပ်ထဲဝင်တိုက်သဖြင့် လူသုံးဦးဒဏ်ရာရ

RangonNewsDaily:: July . 12 .2014
သိန္နီ-ကွမ်းလုံလမ်းပိုင်း၊ စယ်အူကျေးရွာ အထက်တန်း ကျောင်းခွဲအနီးတွင် ဇူလိုင် ၈ ရက်ညနေက ကွမ်းလုံမြို့နယ် ရဲမှူး မောင်းနှင်လာသော ဗင်ကားမှာ ကျောင်းလာကြိုသည့် လူအုပ်နှင့် ဓာတ်တိုင်ကို ၀င်တိုက်မှုကြောင့် ကျောင်းဆရာမတစ်ဦးအပါအ ၀င် ကျောင်းကြိုလာသူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဗင်ကားအား ကွမ်းလုံမြို့နယ် ရဲမှူးက မောင်းနှင်ကာ ဘေးတွင် အရာခံတစ်ဦး လိုက်ပါလာပြီး အခင်းဖြစ်ပွားရာ စယ်အူကျေးရွာ အထက်တန်းကျောင်းခွဲ အနီးအ ရောက်တွင် ကားမှာလမ်းဘေးသို့ ထိုးဆင်းသွားကာ ကျောင်းဆင်းချိန် တာဝန်ထမ်းဆောင်နေသော အလယ်တန်းပြဆရာမ ဒေါ်မြ စိန်နှင့် ကျောင်းကြိုလာသည့် ကျောင်းသားမိဘတို့ကို ၀င်တိုက်မိသည်။ ထိုမှတစ်ဆင့် လမ်းဘေး ဓာတ်တိုင်ကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

‘‘ကားက အဝေးကနေ အရှိန်နဲ့ ရမ်းပြီးလာနေတာ။ ဆရာမကိုတိုက်ပြီး ကျွန်တော့်ကိုတိုက် တယ်။ ပြီးတော့ လမ်းသွားနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို တိုက်တယ်။ ပြီးတော့ ဓာတ်တိုင်ကို ၀င်တိုက်တယ်။ ကျွန်တော်ကတော့ ခြေထောက်ကျိုးသွားတယ်။ ကျွန်တော့်ကလေးကတော့ လက်ကျိုးသွားတယ်’’ ဟု ယာဉ်တိုက်ခံရသည့် စယ်အူကျေးရွာအုပ်စု မန်ပန်ကျေးရွာမှ ကိုယောဟန်က ပြောသည်။

ယာဉ်တိုက် ခံရမှုကြောင့် အလယ်တန်းပြဆရာမ ဒေါ်မြစိန် မှာ ဦးခေါင်းနှင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ကျောင်းလာကြိုသည့် ကိုယောဟန်မှာလည်း ညာဘက် ခြေထောက်ကျိုးသွား ပြီး ၂ နှစ် အရွယ်ကလေးမှာ ဘယ်ဘက်လက်ကျိုးသွားကာ လမ်းသွားနေသည့် အမျိုးသမီးတစ်ဦးခြေထောက်ကျိုးသွားကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူများအား သိန္နီပြည်သူ့ဆေးရုံတွင် ဆေးကုသ ပေးနေပြီး ခြေထောက်နှင့် လက် တို့ကို ထိခိုက်ခဲ့သည့် လူနာသုံးဦးအား လားရှိုးဆေးရုံသို့ ပို့ဆောင် ပေးရန် စီစဉ်ခဲ့သည်။

‘‘လိုအပ်တာတွေ အားလုံး လုပ်ပေးပါတယ်။ လားရှိုးဆေးရုံသွားချင်ရင်လည်း ပို့ပေးမယ်လို့ ပြောတယ်။ အချိန်မရွေးဆက် သွယ်နိုင်ဖို့ ဖုန်းနံပါတ်လည်း ပေး ထားပါတယ်’’ ဟု ဦးခေါင်းဒဏ် ရာရရှိခဲ့သော ကျောင်းဆရာမ၏ မိခင်က ပြောသည်။

သိန္နီမြို့မရဲစခန်းသို့ သွားရောက်မေးမြန်းရာ၌ အခင်းဖြစ်နေရာမှာ နမ့်စလပ်တိုက်နယ် ကျေးရွာအပိုင်တွင်ပါဝင်၍ နမ့်စလပ်စခန်းမှသာ သိရှိနိုင်မည်ဟု တာဝန်ရှိသူများကပြောသည်။ နမ့်စလပ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်ထားခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment