Pages

Thursday, May 29, 2014

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ လူခေါ်ပွဲစားနှင့် အငှားယာဉ်ပွဲစား များကို စီမံချက်ဖြင့် အရေးယူ

RangonNewsDaily: May . 29 .2014
မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းရှိ လူခေါ်ပွဲစားနှင့် အငှားယာဉ် ခေါ်ပေးသော ပွဲစားများကို မေလဆန်းမှ စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီး အရေးယူလျက်ရှိရာ လတ်တလောတွင် လူဦးရေ ၇၀ ကျော်ကို အရေးယူထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန (အောင်မင်္ဂလာ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဝင်ပေါက်၊ ထွက်ပေါက်များနှင့် အဆိုပါ ဝင်းအတွင်းရှိ လူခေါ်ပွဲစားနှင့် အငှားယာဉ် ခေါ်ပေးသော ပွဲစားများမှာ ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်သည်အထိ ခေါ်ယူမှုများ ရှိသောကြောင့် မြို့တော်စည်ပင်၊ မ.ထ.သ၊ နယ်မြေခံရဲနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက နံနက်နှင့် ညဘက်များတွင် အဆိုပါ ပွဲစားများကို ရှောင်တခင် ဖမ်းဆီး အရေးယူလျက် ရှိကြောင်း၊ လတ်တလောတွင် နေ့စဉ် ပွဲစားလေးဦးခန့်ကို ဖမ်းမိကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။

ယခင်က ပွဲစားများကို တိုင်ကြားပါက ဖမ်းဆီးအရေးယူခဲ့ပြီး လတ်တလောတွင် စီမံချက်ဖြင့် ဖမ်းဆီး အရေးယူလျက် ရှိကြောင်း၊ ယင်းကဲ့သို့ အရေးယူမှုကြောင့် လူခေါ်ပွဲစား၊ ကားအငှားပွဲစားများ မရှိသလောက် နည်းပါး သွားသောကြောင့်သောကြောင့် ခရီးသွားပြည်သူများ အဆင်ပြေမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန (အောင်မင်္ဂလာ) ထံမှ သိရှိရသည်။
::
“လူခေါ်ပွဲစားက ဒီလောက် မဆိုးဘူး၊ လူခေါ်ပွဲစားက ဂိတ်မသိရင် လိုက်ပို့ပေး၊ လက်မှတ် ဖြတ်ပေးတာမျိုး၊ အထုပ် ထမ်းပေးတာမျိုးနဲ့ ကူညီတယ်၊ ကားအငှားပွဲစားတွေက TAXI မောင်းတဲ့သူနဲ့ ပေါင်းပြီး တစ်စီးတည်း လူသုံးလေးယောက် ပေါင်းထည့်တယ်။

အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့ ကားခလည်း မလျှော့ပေးဘူး။ ခရီးသည် သုံးလေးယောက် ပတ်ပို့နေတာနဲ့ အချိန်တွေ ကြာနေတာ။ ဒါတွေကိုတော့ အရေးယူသင့်တယ်” ဟု နေပြည်တော်သို့ ခရီးသွားမည် အသက် ၃၅ ဝန်းကျင် ခရီးသွား အမျိုးသားတစ်ဦးက ပြောကြားသည်။
::
အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ဖမ်းမိသော လူခေါ်ပွဲစားနှင့် ကားအငှား ပွဲစားများကို မြို့နယ်တရားရုံးတွင် ငွေဒဏ်နှင့် ထောင်ဒဏ်တို့ဖြင့် အရေးယူလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန (အောင်မင်္ဂလာ) ထံမှ သိရှိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment