Pages

Monday, April 21, 2014

DVB သတင်းထောက် ထောင်ဒဏ် ချခံရခြင်းအတွက် မော်လမြိုင်တွင် သတင်းသမားများ ဆန္ဒဖော်ထုတ်မည်

RangonNewsDaily: April . 21 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ DVB (Democratic Voice of Burma) သတင်းထောက်ကို ဇော်ဖေ (သူရသက်တင်)ကို မကွေးတိုင်း တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ခြင်းအတွက် မော်လမြိုင်မြို့တွင် သတင်း သမားများက ဆန္ဒပြကန့်ကွက်သွားမည် ဟု မော်လမြိုင် သတင်းစာဆရာများ အသင်း (MJA) ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ဧပြီ ၂၀ရက်တွင် မဇ္ဈိမကို ပြောသည်။DVB သတင်းထောက် ကိုဇော်ဖေပြန်လည်လွှတ်မြောက်ရေး၊ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေးတို့အတွက် ဧပြီ ၂၅ရက် နံနက် ၈ နာရီခွဲတွင် အင်အား ၁၀၀ခန့်ဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 
ဦးသိန်းလှိုင်က “မော်လမြိုင်ရဲစခန်းကို ဧပြီ၂၀ရက်မှာ ခွင့်ပြုချက်သွားတင်မှာပါ။ အရပ်ဖက်အဖွဲ့စည်း တွေနဲ့အခြားပြည်နယ်နဲ့ တိုင်းက သတင်းသမားတွေလဲ ပါဝင်လို့ရအောင် အင်အားကို ၁၀၀ခန့်အထိ တင်မှာပါ"ဟုပြောသည်။ 

ဆန္ဒဖော်ထုတ်ရာတွင် မော်လမြိုင် အမှတ်(၄) တံတားအနီးတွင် စုရပ်အဖြစ် စတင်မည် ဖြစ်ပြီး မြန်မာပြည် တောင်ပိုင်း ဂျာနယ်လစ် ကွန်ယက် (SMJN)နှင့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း(မော်လမြိုင်) တို့ပူးပေါင်းကာ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။ ယင်းအပြင် သတင်းလွတ်လပ်ခွင့်ကို လိုလားသည့် ပြည်သူများ၊ လူမှုရေးအဖွဲ့စည်းများကို ပါဝင်ခွင့်ပြုသွားမည်ဖြစ်သည်။ 

မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက် (SMJN) မှ ကိုဥာဏ်စိုးဝင်းက “SMJN ကသတင်းသမား ၃၀ ကျော်လောက်ပါမယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က အဖွဲ့ဝင် သတင်းသမား အချို့ပါဝင်မယ်။ ကိုဖော်ဖေကို ပိုက်နက်ကျူးကျော်မှုနဲ့ အရေးယူလိုက်တာ သတင်းထောက်တွေကို ခြိမ်းခြောက်သလိုဖြစ်နေတယ်။ တစ်နိုင်ငံ လုံးမှာသတင်းလွတ်လပ်ခွင့်လိုချင်တယ်။"ဟုပြောသည်။ 

DVB သတင်းထောက်ကိုဇော်ဖေကို ဝတ္တရားနှောက်ယှက်မှု ပုဒ်မ၃၅၃၊ ပညာရေးမှူးရုံးအတွင်း ဝင်ရောက် သတင်းယူသည့်အတွက် ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂၀၁၂ခုနှစ်ကတည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် ဧပြီ ၇ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း
ဖြစ်သည်။ 

ယင်းအပြင် ပြည်မြို့နယ်ရှိ သတင်းသမားများကလည်း ဧပြီလ ၂၅ရက်၌ပင် ဆန္ဒဖော်ထုတ်သွားရန်ရှိပြီး တနသာင်္ရီတိုင်းရှိ သတင်းသမားများကလည်း ကန့်ကွက်ကြောင်း ကမ်ပိန်းများပြုလုပ်သွားမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံ ကိုအိဇုမိ ဖောင်ဒေးရှင်း၏ ပညာသင်ဆု ရွေးချယ်မှုနှင့် ပတ်သက်၍ သတင်းရယူရန် မကွေးတိုင်း ပညာရေး ဦးစီးမှုး ရုံးအတွင်း သတင်းဝင်ယူခြင်းကြောင့် ကိုဇော်ဖေနှင့် ကျောင်းသား မိဘ တစ်ဦးဖြစ်သူ ဦးဝင်းမြင့်လှိုင်တို့ကို ပညာရေးမှုးက တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

ကိုဇော်ဖေအတွက် အယူခံ တင်သွင်းခြင်းကို မကွေးခရိုင် တရားရုံးက ဧပြီ ၉ ရက်က ပယ်ချခဲ့သေးသည်။ 

သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)သည် ပညာသင်ဆုဆိုင်ရာ သတင်းကို မြို့နယ် ပညာရေးဌာန မှတစ်ဆင့် ရယူခဲ့ခြင်း သည် သတင်းထောက်တစ်ယောက်၏ အလုပ်ကို တာဝန်သိသိ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု DVB သတင်းဌာနက ယုံကြည်သည့် အတွက် ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို DVB သတင်းဌာနအနေဖြင့် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဧပြီ ၇ ရက်တွင် DVB သတင်းဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

DVB , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment