Pages

Monday, April 21, 2014

အဲဗာတန်ကို ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံလိဂ် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသည့် မန်ချက်စတာယူနိုက်တက်


RangonNewsDaily: April . 20 .2014
ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) အဲဗာတန်နှင့် မန်ချက်စတာယူနိုက်တက် ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
အဲဗာတန်တွင် ဟောင်းဝပ်၊ ဘိန်းစ်၊ ဒစ္စတင်၊ စတုန်း၊ ကိုးလ်မန်း၊ မက္ကာသီ၊ ဘယ်ရီ၊ မီရာလက်စ်၊ ဘာကလေ၊ နေးစမစ်၊ လူကာကူတို့ ပွဲထွက်ပါဝင်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဂျုံးစ်၊ အီဗန်၊ စမောလင်း၊ ဘတ္တနာ၊ ကာရစ်၊ ဖလက်ချာ၊ နာနီ၊ မာတာ၊ ကာဂါဝါ၊ ရွန်နီတို့ ပါဝင်ကစားခဲ့သည်။

ယခုပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်၏ ကစားပုံသည် ပုံမှန်အောက်သာ ရှိခဲ့ပြီး အဲဗာတန်ကို အဘက်ဘက်မှ ယှဉ်နိုင်ခဲ့ခြင်း မရှိပေ။ ၉ မိနစ်တွင် အဲဗာတန်က အခွင့်အရေး ရရှိခဲ့ပြီး ကိုးလ်မန်း တင်ပေးလိုက်သည့် ဘောလုံးကို စမောလင်း ဖျက်ထုတ်ရာ ရော့စ်ဘာကလေ ရရှိသွားပြီး ကန်သွင်းသော်လည်း ဘောလုံးမှာ ပွဲကြည့်စင်ပေါ် ရောက်သွားခဲ့သည်။

၂၂ မိနစ်တွင် အဲဗာတန်ကပင် အခွင့်အရေး ထပ်မံရရှိခဲ့ပြီး ဒစ္စတင် ကန်တင်ပေးလိုက်သည့် ဘောလုံးကို လူကာကူက ခေါင်းတိုက်ချထားပေးရာမှ တစ်ဆင့် နေးစမစ် ရရှိသွားပြီး မြေမကျကန်သွင်းသော်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။

၂၈ မိနစ်တွင် လူကာကူ၏ ကန်သွင်းချက်ကို ဖီးလ်ဂျုံးစ်က လက်ဖြင့် ကာခဲ့သောကြောင့် ရရှိခဲ့သည့် ပင်နယ်တီကို ဘိန်းစ်က အမှားအယွင်းမရှိ ကန်သွင်းပြီး အဲဗာတန်အတွက် အဖွင့်ဂိုး ရယူပေးခဲ့သည်။ ၄၃ မိနစ်တွင် လူကျွံထောင်ချောက်ဖမ်းပုံ မသေသပ်သည့် ယူနိုက်တက် ခံစစ်မှ တစ်ဆင့် မီရာလက်စ်က အဲဗာတန်အတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။ 


ဒုတိယပိုင်းတွင်လည်း ယူနိုက်တက်က မည်မည်ရရ အခွင့်အရေး မရခဲ့ဘဲ ၈၇ မိနစ်တွင် ရွန်နီ၏ ကန်သွင်းချက်ကိုသာ ဟောင်းဝပ် ကာကွယ်ခဲ့ရသည်။ ပွဲအပြီးတွင် အဲဗာတန်က ပထမပိုင်း သွင်းဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သောကြောင့် မန်ချက်စတာယူနိုက်တက်၏ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ရသည်။

Soccer Myanmar , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment