Pages

Monday, April 21, 2014

A SPECIAL TRIBUTE FOR THE FALLEN HERO စစ်အာဏာရှင်ဆန့်ကျင်ရေး မီးရှူးတန်ဆောင် ဟံသာဝတီကြီး ကွယ်လွန်ရှာပြီ


RangonNewsDaily: April . 21 .2014
စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သူ၊ နိုင်ငံရေးနယ်ပယ်၌ စစ်တပ်၏ စွက်ဖက်မှုကို ဘဝတစ်လျှောက်လုံး ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၂ဝ၁၄ခုနှစ် ဧပြီ ၂၁ရက်နေ့ နံနက် ၆နာရီ မိနစ်၃ဝတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ရှာခဲ့သည်။
ကွယ်လွန်ချိန်တွင် အသက် ၈၄နှစ်ရှိသော ဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ၁၉၈၈ခုနှစ်မှ ၂ဝ၁ဝအတွင်း မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်လက်အောက်၌ နှစ်ပေါင်း ၂ဝနီးပါး ထောင်သွင်းအကျဉ်းချခံခဲ့ပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ၏ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။

ဆရာကြီးသည် ၁၉၃ဝ မတ်လတွင် မွေးဖွားခဲ့ပြီး ၁၉၅၄ခုနှစ်၌ ဘာသာပြန်အသင်း၌ လက်ထောက် အယ်ဒီတာအဖြစ် လည်းကောင်း၊ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို အသက်သွင်းနေသော စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တွင် ဟံသာဝတီနေ့စဉ်သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် လည်းကောင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
::
ဟံသာဝတီဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သလို ထူထောင်သူများအနက် ပါဝင်ခဲ့သည်။ ဆရာကြီးသည် တတ်သိပညာရှင်များအုပ်စု၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို ၁၉၈၈ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးများ၏ အဓိကပစ်မှတ်ထားခံရသူ တစ်ယောက်လည်းဖြစ်သည်။ ၁၉၈၉ ဇွန်လတွင် ဟံသာဝတီဦးဝင်းတင်သည် NLD ခေါင်းဆောင်များအနက် ပထမဆုံး ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ထောင်ဒဏ် ၃နှစ်၊ ထို့နောက် နောက်ထပ် ၁၁နှစ်၊ နောက်ထပ် နောက်တိုး ထောင်ဒဏ်များကို ဆက်တိုက်ချမှတ်ခံခဲ့ရသည်။

“မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဆိုသည့် NLD ၏ ၁၉၈၈-၈၉ ကာလ ဆောင်ပုဒ်၏ ပဲ့ကိုင်ရှင်ဟု အများက ယူဆခြင်းခံခဲ့ရသည့် ဆရာကြီးဦးဝင်းတင်သည် “စု-လွှတ်-တွေ့”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်တော်အမြန်ဆုံးခေါ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးဆိုသည့် မူကို ဆုတ်ကိုင်ထားပြီး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သော ၂ဝဝ၈ တွင် NLD ပါတီကို ပြန်လည်ဦးဆောင်ခဲ့သည်။
::
နိုင်ငံရေးတွင် ကွန်မြူနစ်ဟု မြန်မာစစ်တပ်၏ စွပ်စွဲခြင်းခံခဲ့ရသော၊ နိုင်ငံရေးနယ်ပယ်တွင် ခေါင်းမာသည်၊ သဘောထားတင်းမာသည်ဟု စွပ်စွဲခံခဲ့ရသော ဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် အကျဉ်းထောင်မှ လွတ်မြောက်ကတည်းက ကွယ်လွန်ချိန်အထိ ၅နှစ်ကျော်အတွင်း ထောင်အကျီအပြာကိုသာ တသမတ်တည်း ဝတ်ဆင်သွားခဲ့သည်။

ဘဝတီဟု ရင်းနှီးသည့်အသိုင်းအဝိုင်းကြား ခေါ်ဝေါ်သည့် ဆရာကြီး ဦးဝင်းတင်သည် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကို ထူထောင်ပြီး နိုင်ငံရေးအကျဉ်းသားများ၏မိသားစုဝင်များအား ကူညီထောက်ပံ့မှုများကို ပြုလုပ်ခဲ့သည်။ NLD ပါတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည့် ၂ဝ၁၃တွင် ပါတီ၏ သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။
::
ဟံသာဝတီဦးဝင်းတင်သည် ၂ဝ၁၄ခုနှစ် မတ်လတွင် ခါးနာဝေဒနာဖြင့် ကျန်းမာရေး ကုသမှုခံယူခဲ့ပြီး သင်္ကြန်တွင်း၌ကျောက်ကပ်ဆေးကြောမှု စတင်ပြုလုပ်ခဲ့ရာမှ တတိယမြောက် ဆေးကြောမှုအပြီး ၉၆ပါးရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် နံနက် ၆နာရီခွဲ၌ ကွယ်လွန်ခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်အကြောင်း A Special Introduction အထူးမိတ်ဆက်ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ပြီး ပြင်ပကမ္ဘာကြီးအား ဆရာကြီးအကြောင်း မိတ်ဆက်ပေးခဲ့သည်။
::
ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင် ဝေဒနာခံစားနေရချိန် ၃ကြိမ်တိတိ တွေ့ဆုံ အားပေးနှစ်သိမ့်ခဲ့သည်။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နှင့်အတူ ဒီမိုကရေစီတန်ဖိုးများအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူ သူရဲကောင်းသည် နောက်ဆုံးထွက်သက်ကို ရှုထုတ်ခဲ့ပြီး အားလုံးကို နှုတ်ဆက်သွားခဲ့လေသည်။

Kamayut Media ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment