Pages

Sunday, April 20, 2014

ဒိုင်လူကြီးများကို ထိုးနှက်လိုက်သည့် မော်ရင်ဟို


RangonNewsDaily: April . 20 .2014
ချယ်ဆီး မန်နေဂျာ ဂျို့စ် မော်ရင်ဟိုဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကွင်းလယ်ဒိုင် ဖြစ်သူ မိုက်ဒိန်းနှင့် ဒိုင်လူကြီးများ အကြီးအကဲ မိုက်ရီလေးတို့ကို ထိုးနှက်လိုက်သည့် ထေ့ငေါ့သည့် စကားလုံးများ ပြောကြားခဲ့သည်။
မော်ရင်ဟိုဟာ သတင်းသမားများ၏ မေးခွန်းများကို မဖြေဆိုပဲ တိုတိုတုတ်တုတ် ပြောချင်သည့် အရာများကို ပြောကြားသွားခဲ့သည်။ ကွင်းလယ်ဒိုင်များအနေနှင့် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံပြိုင်ဖက်များအပေါ် လိုသလို ကြိုးကိုင်ခဲ့သည်ဟု သဘောပါသည့် စကားလုံးများဖြင့် ထေ့ငေါ့လိုက်ခြင်း ဖြစ်သည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက “ခင်ဗျား မေးခွန်းတွေကို ကျနော် စောင့်နေမှာမဟုတ်ပါဘူး။ ဒီ့အတွက် ကျနော် ဝမ်းနည်းပါတယ်။”

“ကျနော် ပြောချင်သမျှ ပြောပြနိုင်တာကတော့ အချက် လေးချက်ပါ။ ဒီတော့ အချိန်ကုန်ခံမနေတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ ဘယ်လိုမေးခွန်းပဲ မေးမေး ကျနော်ကတော့ ဒီအဖြေကိုပဲ ပြောကြားသွားမှာ မို့လို့ပါ။”

“ဆိုတော့... ဒီ အချက်လေးချက်ကိုပဲ ပြောကြပါစို့။ ပထမဆုံး ကျနော် ပြောချင်တာကတော့ ကျနော့် အသင်းသားတွေကို ကွန်ဂရက်ကျူလေးရှင်းပါလို့ ဂုဏ်ပြုချင်ပါတယ်။ သူတို့ တတ်စွမ်းသလောက် စွမ်းဆောင်ခဲ့ကြပါတယ်။ သူတို့ ပထမဆုံး စက္ကန့်ကနေ နောက်ဆုံး စက္ကန့်အထိ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့နဲ့ ထိုက်တန်တယ်လို့ ကျနော် ထင်ပါတယ်။ တစ်ခါတရံမှာ သူတို့ အနိုင်ရတဲ့အချိန်မှာ ကျနော်တို့ အမွှမ်းတင်သလိုပဲ သူတို့ ရှုံးနိမ့်တဲ့အခါမှာလည်း ကျနော် အမွှန်းတင်စကား ပြောကြားတာဟာ မျှတတယ်လို့ ကျနော် ထင်ပါတယ်။”

“ဒုတိယအနေနဲ့တော့ ဆန်းဒါးလန်းအသင်းကို ဂုဏ်ပြုစကား ပြောချင်ပါတယ်။ ဘယ်လိုကြောင့်၊ ဘာ့ကြောင့် ဒါမှ မဟုတ် သူတို့ ဘယ်ပုံဘယ်နည်းနဲ့ အနိုင်ရခဲ့တယ် ဆိုတာက အရေးမကြီးပါဘူး။ ဒါပေမယ့် သူတို့ အနိုင်ရခဲ့တာပါ။ သူတို့ ၃ မှတ် အောင်ပွဲ ဆင်နိုင်ခဲ့တာပါ။ သိပ်ကို ကောင်းတဲ့ ၃ မှတ် သူတို့ ရသွားတာပါ။ ဒီတော့ ကျနော် သူတို့ကို ဂုဏ်ပြုစကား ပြောတာဟာလည်း မျှတတယ်လို့ ထင်ပါတယ်။


“တတိယအချက်ကလည်း ကျနော် ဂုဏ်ပြုစကား ပြောချင်တာပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ မိုက်ဒိန်းကိုပါ။ ကျနော့်အထင် သူ့ရဲ့ စွမ်းဆောင်ချက်ဟာ မယုံကြည်နိုင်လောက်အောင်ပါ။ ကျနော့် အမြင်အရတော့ ကွင်းလယ်ဒိုင်တွေ အနေနဲ့ သိပ်ကို ကောင်းတဲ့ ထူးရှယ် စွမ်းဆောင်မှုတွေ လုပ်ဆောင်နိုင်တဲ့အခါမှာ သူတို့ကို ဂုဏ်ပြုစကား ပြောတာဟာလည်း သင့်တော်မျှတတယ်လို့ ထင်ပါတယ်။ သူ သိပ်ကိုကောင်းအောင် ထူးရှယ် စွမ်းဆောင်ခဲ့တာပါ။ သူ ဒီကို လာတာ ရည်မှန်းချက် တစ်ခုနဲ့ လာတာပါ။ ရည်မှန်းချက်က အကောင်းဆုံး ထူးရှယ် စွမ်းဆောင် ပြဖို့ပါ။ သူ အဲ့ဒါကို လုပ်နိုင်ခဲ့ပါတယ်။”

“စတုတ္ထအနေနဲ့ ကွန်ဂရက်ကျူလေးရှင်းပါ မိုက်ရီလေး.. လို့ ပြောရင်လည်း တရားမျှတတယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ကွင်းလယ်ဒိုင်တွေရဲ့ ဘော့စ်ပါ။ နောက်ပြီး ဒီနှစ် တစ်ရာသီလုံးမှာ သူတို့ လုပ်ဆောင်ခဲ့တာတွေဟာ သိပ်ကို ကောင်းပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ လ လောက်အတွင်းမှာ ဒီ့ထက်ပိုပြီး အထူးသဖြင့် ပြောရရင် ချန်ပီယံဆုအတွက် ပြိုင်ပွဲ ဝင်နေတဲ့ အသင်းတွေရဲ့ ပွဲတွေမှာ သူတို့ရဲ့ စွမ်းဆောင်ချက်တွေဟာ အရမ်းကို ထူးခြားကောင်းမွန်ခဲ့ပါတယ်။ 


ဒီတော့ မစ္စတာ မိုက်ခ် ရီလေး ကိုလည်း ကျနော် ဂုဏ်ပြုစကား ပြောကြားပါတယ်။ ကျေးဇူးတင်ပါတယ်။” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

မိုက်ဒိန်းဟာ ချယ်ဆီး - ဆန်းဒါးလန်းပွဲစဉ်ကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဖြစ်ပြီး မိုက်ခ် ရီလေးဟာ ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများ ဘုတ်အဖွဲ့၏ အထွေထွေ မန်နေဂျာ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် သက်တမ်း ၂ ကြိမ်အတွင်းမှာ ပရီးမီးယားလိဂ် အိမ်ကွင်း တစ်ပွဲမှ ရှုံးပွဲ မကြုံခဲ့ဖူးသေးသည့် နည်းပြ ဖြစ်ပြီး ယခု ဆန်းဒါးလန်းအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခြင်းဟာ မော်ရင်ဟိုအတွက် ချယ်ဆီးနည်းပြ သက်တမ်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

Football Cafe , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment