Pages

Sunday, April 20, 2014

နိုဘယ်လ်ဆုရှင် ကမ္ဘာကျော် စာရေးဆရာကြီး ဂါစီယာမားကွက်ဇ် ကွယ်လွန်


RangonNewsDaily: April . 19 .2014
ကိုလံဘီယာလူမျိုး နိုဘယ်လ်ဆုရှင် စာရေးဆရာကြီး ဂါဘရီယယ် ဂါစီယာ မားကက်ဇ်သည် အသက် ၈၇ နှစ် အရွယ်၌ မက္ကဆီကိုနိုင်ငံတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ၎င်းမိသားစု ပြောဆိုချက်အရ BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဂါစီယာမားကက်ဇ်ကို စပိန်ဘာသာဖြင့် ရေးသားသော စာရေးဆရာများတွင် အအောင်မြင်ဆုံး စာရေးဆရာကြီး တစ်ဦးအဖြစ် စာပေ အသိုင်းအဝိုင်းက သတ်မှတ်ကြလေ့ရှိပြီး ပဉ္စလက် သရုပ်မှန်စာပေ အယူအဆဖြင့် စာဖတ်သူများ၏ သောင်းသောင်းဖြဖြ အားပေးခြင်း ခံရသူတစ်ဦး ဖြစ်သည်။

၎င်း၏ အောင်မြင်ကျော်ကြားမှု အရှိဆုံး ဝတ္ထုမှာ One Hundred Years of Solitude (ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ) ဖြစ်ပြီး ၁၉၆၇ တွင် စတင်ထုတ်ဝေခဲ့ကာ ကမ္ဘာအနှံ့ အုပ်ရေ သန်းသုံးဆယ်ကျော် ရောင်းချခဲ့ရပြီး ဖြစ်ကာ ယင်းစာအုပ်ဖြင့် ၁၉၈၂ ခုနှစ်တွင် စာပေနိုဘယ်လ်ဆု ရရှိခဲ့သည်။


မကြာသေးခင် အချိန်များမှစ၍ ဂါစီယာမားကက်ဇ်သည် ကျန်းမာရေး ချို့ယွင်းလာပြီး လူမြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။
“ဂါဘရီယယ် ဂါစီယာမားကက်ဇ် ကွယ်လွန်သွားခဲ့ပါပြီ” ဟု မိသားစု၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦး ဖြစ်သူ ဖာနန်ဒါက Twitter တွင် အတည်ပြုပေးခဲ့ပြီး ကိုလံဘီယာ သမ္မတ ဂျူအန်မန်နျူရယ် ဆန်တို့စ်ကလည်း စာရေးဆရာကြီး၏ နာရေးသတင်းအတွက် ဝမ်းနည်းကြောင်း အကြီးကျယ်ဆုံးသော ကိုလံဘီယာလူမျိုး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သေးသည်။

အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားက ကမ္ဘာ့အကြီးကျယ် ထူးချွန် ပြောင်မြောက်သော စာရေးဆရာများထဲမှ တစ်ဦးကို ဆုံးရှုံးရပြီ ဖြစ်ကြောင်း ၎င်းအလွန်နှစ်သက်သော စာရေးဆရာ ဖြစ်ကြောင်း ကြေညာ ပြောကြားခဲ့သည်။


“သူ့ရဲ့ စဉ်းစားတွေးခေါ်မှု၊ ခံစားမှု ပိုင်းရိုးသားမှု စတာတွေကြောင့်လည်း ကျွန်တော် အမြဲတမ်း မှင်တက်မိပါတယ်။ နှစ်ပေါင်း ၂၀ လောက် သူ့ရဲ့ မဟာနှလုံးသားနဲ့ တောက်ပြောင်တဲ့ စိတ်ထားကို သိခွင့်ရတာ သူနဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ဂုဏ်ရှိတယ်လို့ ခံစားရပါတယ်” ဟု အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က ပြောဆိုသည်။


ဂါစီယာမားကက်ဇ် သေဆုံးရခြင်း အကြောင်းရင်းကို အတိအကျ မထုတ်ပြန်သေးသော်လည်း မကြာသေးခင်က အဆုတ်ဝေဒနာနှင့် ဆီးလမ်းကြောင်း ပိုးဝင်သည့် ဝေဒနာများဖြင့် ဆေးရုံ တက်ခဲ့ရသေးသည်။


ထို့နောက် ဆေးရုံမှ နေအိမ်သို့ ပြန်လည် အနားယူခဲ့ပြီး ၎င်း၏ အသက်အရွယ်ကြောင့် ကျန်းမာရေး အခြေအနေမှာ အထိမခံသော အခြေအနေသို့ ရောက်ရှိနေပြီဟု ထိုစဉ်က မိသားစုက ဆိုသည်။


၎င်းကွယ်လွန်သည့်အတွက် ကိုလံဘီယာနိုင်ငံတွင် ပြည်သူများ ဝမ်းနည်းကြေကွဲ ကြသကဲ့သို့ ၎င်းနှစ်ပေါင်း ၃၀ ခန့် နေထိုင်ခဲ့သည့် မက္ကဆီကိုနှင့် ကမ္ဘာအနှံ့မှ ပရိသတ်များလည်း လွမ်းဆွတ် ခံစားကြရလိမ့်မည်ဟု မက္ကဆီကို အခြေစိုက် BBC သတင်းထောက်က ဆိုသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time