Pages

Monday, March 3, 2014

ဘင်းမ်စတက်နိုင်ငံများဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ် မြန်မာတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ရွေးချယ်ခန့်အပ်မည်

RangonNewsDaily: March . 3 .2014
ဘင်းမ်စတက်နိုင်ငံများအကြား ပထမဦးဆုံးသော အထွေထွေအတွင်ရေးမှူးချုပ်ကို တတိယအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ပွဲအတွင်း ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း မတ်လ ၂ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ဘင်းမ်စတက်အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှသိရသည်။ဘင်းမ်စတက်အဖွဲ့ကို ၁၉၉၇ခုနှစ်ဇွန်လတွင် စတင်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သော်လည်း (၁၇)နှစ်ခန့်အကြာ ၂၀၁၄ခုနှစ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အချိန်မှသာ ဆုံးဖြစ်ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံးသောအထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို သီရိလင်္ကာနိုင်ငံမှ သံအမတ်ကြီး မစ္စတာစူမစ် နာကာတာလာ (Sumith Nakadala)မှ လက်ခံရယူမည်ဖြစ်ပြီး အတွင်းရေးမှူးချုပ်ရုံးထိုင်နိုင်ရန်အတွက် ရုံးခန်းထူထောင်မှုကိုမူ ယခုကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲအတွင်း နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး သွားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ပြောသည်။

အဆိုပါအထွေထွေအတွင်းရေးမှူးချုပ်ရွေးချယ်ခြင်းနှင့် ရုံးခန်းတည်ထောင်ရန်အတွက် နားလည်မှုစာချွန်လွှာမူ ကြမ်းကို အဆင့်မြင့်အရာရှိများအစည်းအဝေးတွင်း ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

ထို့နောက် ယင်းမူကြမ်း အား မတ်လ(၃)ရက်နေ့တွင်ကျင်းပမည့် ၁၄ကြိမ်မြောက်ဘင်းမ်စတက်ဝန်ကြီးအဆင့်အစည်းအဝေးသို့တင်ပြ သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့တင်ပြသွားမည်ဖြစ်သည်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား အတွင်းရေးမှူးနှင့် ရုံးခန်းမရှိခြင်းတို့ကြောင့် နိုင်ငံများအကြား ပူးပေါင်းလုပ်ဆောင်မှုများတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ရပြီး ယခုအခါတွင်မူ အဖွဲ့ဝင်နိုင်ငံများကြား လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် တိကျသည့် ယန္တရားတစ်ခုပေါ်ထွက်လာမည်ဖြစ်သည်ဟုလည်း အထက်ပါပုဂိုလ်က ပြောကြားသည်။

ဘင်းမ်စတက်ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ထိပ်သီးအစည်းအဝေးတို့ကို မတ်လ(၃)ရက်နှင့် (၄)ရက်နေ့များ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC)တွင် ကျင်းပမည်ဖြစ်သည်။

ဘင်းမ်စတက်ဆိုသည်မှာ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် များစွာသောစက်မှုလက်မှုကဏ္ဍများ အတွက် ပူးပေါင်းဆောင်ရွက်မှုပဏမခြေလှမ်းအဖြစ် ဘင်္ဂလားပင်လယ်နှင့်ထိစပ်လျှက်ရှိနေသည့် မြန်မာ၊ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊သီရိလင်္ကာ၊နီပေါ့၊ဘူတန် စသည့် နိုင်ငံပေါင်း (၆) နိုင်ငံကြား ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတရပ်ဖြစ်သည်။

Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment