Pages

Wednesday, March 5, 2014

စင်ကာပူသည် ၂၀၁၄ ကုန်ကျစရိတ် ဈေးအကြီးဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရ


RangonNewsDaily: March . 5 .2014
ကမ္ဘာ့ထိပ်တန်း မြို့တော်ကြီး ၁၃၁ မြို့တွင် မြို့တော်စင်ကာပူသည် ၂၀၁၄ ခုနှစ် အတွင်း၌ နေထိုင်ရန် ကုန်ကျစရိတ်ဈေး အကြီးဆုံး မြို့တော်အဖြစ် Economist Intelligence Unit အဖွဲ့အစည်းက သတ်မှတ်ခဲ့ကြောင်း BBC သတင်းက ဆိုသည်။
စင်ကာပူ၏ ငွေဈေးမာကျောခြင်း၊ ကားစီးရန် ဈေးကြီးခြင်းနှင့် နေ့စဉ် အသုံးပြုသော လျှပ်စစ်မီတာ၊ ရေမီတာ ဈေးကြီးခြင်း စသည်တို့ကြောင့် စင်ကာပူ သည် ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

အဝတ်အစား ဝယ်ရာတွင်ပင် အလွန်ဈေးကြီးသော နေရာဖြစ်သည်ဟု သတ်မှတ် ခံထားရသည်။

ယမန်နှစ်က ယင်းဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်း၏ သတ်မှတ်ချက်တွင် ဂျပန်နိုင်ငံမြို့တော် တိုကျိုက ဈေးအကြီးဆုံး မြို့အဖြစ် သတ်မှတ် ခံခဲ့ရသော်လည်း ယခုယင်းနေရာကို စင်ကာပူက ရယူသွားခြင်း ဖြစ်သည်။

ယခုနှစ်တွင် တိုကျိုက နံပါတ်ခြောက် နေရာအထိ ကျဆင်းသွားခဲ့ပြီး စင်ကာပူပြီးလျှင် ပါရီ၊ အော်စလို၊ ဇူးရစ်နှင့် ဆစ်ဒနီတို့က ဈေးအကြီးဆုံးမြို့များ စာရင်းတွင် ရပ်တည်လျက် ရှိသည်။

EIU အဖွဲ့အစည်းသည် ကမ္ဘာအနှံ့ နေထိုင်ရှင်သန်မှု လိုအပ်ချက် ကုန်ကျစရိတ်များကို တိုင်းတာသော စစ်တမ်း ကောက်ထားခဲ့ပြီး မြို့တော် နယူးယောက်ကို အခြေခံကာ တိုင်းတာခြင်း ဖြစ်သည်။

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအမည်ပေါင်း ၄၀၀ ခန့်၏ ကုန်ကျစရိတ်များကို တိုင်းတာကာ စာရင်းပြုစုပြီး နေထိုင်မှု ကုန်ကျစရိတ် အနည်းအများကို တွက်ထုတ်ခြင်း ဖြစ်သည်။

ဈေးအကြီးဆုံး မြို့တော်များ ထိပ်တန်း ၁၀ နိုင်ငံတွင် ယခုနှစ်အတွင်း အာရှနှင့် သြစတြေးလျ မြို့တော်များက ရပ်တည်ခဲ့ပြီး ဥရောပဘက်ကလည်း အနည်းငယ်ပါသည်။
“အခြားအာရှနိုင်ငံများမှ မြို့တော်များဟာ ကမ္ဘာ့ ဈေးအသက်သာဆုံး မြို့တော်များတွင် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယတိုက်ငယ် ဘက်ခြမ်းမှာပေါ့” ဟု ယင်းစစ်တမ်း၏ အယ်ဒီတာ ဂျွန်ကုပ်စတိတ်က ပြောကြားသည်။

အိန္ဒိယ မြို့တော်ကြီးများဖြစ်သော နယူးဒေလီနှင့် မွန်ဘိုင်းတို့သည် ကမ္ဘာ့ ဈေးအသက်သာဆုံး မြို့တော်ကြီးများအဖြစ် ရပ်တည်လျက် ရှိသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment